အင်းတော်မြို့မှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၄ ယောက်ထဲက ၂ ယောက်ကို ထောင်ဒဏ်တစ်သက်တကျွန်းချမှတ်

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ ၄ ယောက်ထဲက ၂ ယောက်ကို ထောင်ဒဏ်တစ်သက်တကျွန်းချမှတ်လိုက်ပြီး ကျန် ၂ ယောက်ကိုတော့ ထောင် ၇ နှစ်စီ ချမှတ်လိုက်တယ်လို့ အင်းတော်မြို့ခံတွေဆီကနေ သိရပါတယ်။
အဲဒီ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အရပ်သားပြည်သူ ၄ ယောက်ဟာ အင်းတော်မြို့တွင်းစစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လထဲ ဖမ်းဆီးခံလိုက်ရတဲ့ ညောင်ပင်စုရပ်ရွက်ထဲက ကိုဇော်မျိုးနိုင် ၊ မသီတာဝင်း ၊ ကိုတင်မောင်ဝင်းနဲ့ ကိုကျော်သက် တို့ဖြစ်ပြီး အင်းတော်မြို့နယ် စစ်ခုံရုံးကနေ စက်တင်ဘာ ၂ ရက်နေ့က ထောင်ဒဏ်အသီးသီးချမှတ်လိုက်တယ်လို့ အင်းတော်မြို့ နေအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“ကိုဇော်မျိုးနိုင်နှင့်ကိုတင်မောင်ဝင်းကိုတော့ တစ်သက်တကျွန်းချလိုက်တာ ကျန်တဲ့နှစ်ယောက်ကိုတော့ ခုနှစ် နှစ်စီချတယ် သူတို့ ဟာသူတို့ပဲအမိန့်ချလိုက်တာ ဘာရှေ့နေ ဘာမိသားစုနဲ့မှလည်း ဆက်သွယ်ခွင့်မပေးဘူး”လို့ ပြောပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရတဲ့ ၄ ယောက်ထဲက ကိုဇော်မျိုးနိုင်ကိုတော့ ပုဒ်မ– ၅၀ (ည)၊ပုဒ်မ– ၅၂ (က)၊ ကိုတင်မောင်ဝင်းကိုတော့ ပုဒ်မ– ၅၀(ည)နှင့် ပုဒ်မ ၁၂၄–ဂ အရထောင်ဒဏ်တစ်သက်တကျွန်းချမှတ်ခဲ့တာဖြစ်ပြီး မသီတာဝင်းနှင့် ကိုကျော်သက်တို့ ကိုတော့ပုဒ်မ– ၅၂(က) နှင့် ပုဒ်မ– ၅၂(ခ) အရ ထောင်ဒဏ် ၇နှစ်စီချမှတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီပြစ်ဒဏ်ချမှတ်ထားတဲ့ အရပ်သား ၄ ယောက်ကို လက်ရှိအချိန်မှာတော့ အင်းတော်စစ်တပ်ကုန်း(ဒေသအခေါ် ရိက္ခာကုန်း)ထဲမှာပဲ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
“ခုထိ အင်းတော်စစ်တပ်ကုန်းမှာဘဲဖမ်းထားသေးတယ် ဒါပေမယ့် ကသာထောင်ဘက်ကို ပြောင်းမယ်လို့တော့ ကြားနေရတယ်။ခုထိတော့ မပြောင်းကြသေးဘူး”လို့ အင်းတော်ဒေသခံတစ်ယောက်က ထပ်ပြောပါတယ်။
စစ်ကောင်စီဟာ အင်းတော်မြို့နယ်ထဲက ဒီနှစ်အတွင်းဖမ်းဆီးခံရတဲ့အရပ်သား တွေထဲက ယခု ၄ဦးအပါစုစုပေါင်း ၁၇ ဦးအထိ ပြစ်ဒဏ်ချမှတ်ခဲ့ပြီဖြစ်ပြီး အဲ့ဒီ ၁၇ ဦးထဲက သေဒဏ်ချမှတ်ခံရ သူ ၄ ဦး၊ တစ်သက်တကျွန်းချမှတ်ခံရသူ ၁၁ ဦးနှင့် ၇ နှစ်စီချမှတ်ခံရသူ ၂ဦးအထိရှိလာပြီဖြစ်ပါတယ်။