တိုက်ပွဲသတင်း

နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း ဒါဆိုင်းရွာနားမှာ တိုက်ခိုက်ခံရ

ဗန်းမော်ဘက်ကနေ နမ့်ဆန်ယန်ကို စစ်အင်အားအပါ ရိက္ခာတင်ဆောင်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း ဒါဆိုင်း(Dasai Mare) ရွာနားမှာ တိုက်ခိုက်ခံရတဲ့အတွက် စစ်ကားတစ်စီးပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီလ လဆန်းပိုင်းကပဲ ဗန်းမော်ဘက်နေ တက်လာတဲ့ စစ်ယာဉ်တန်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ က မြို့သစ်နဲ့ ကုန်းလောမရောက်မှီ ဒါဆိုင်းရွာနားမှာ ဒီကနေ့ မနက်ပိုင်း ၁ နာရီလောက်အချိန် မိုင်းဆွဲတိုက်ခိုက်လိုက်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ယောက်က KNG ကိုပြောပါတယ်။

ဗန်းမော်ကနေ ပြန်တက်လာတဲ့ ယာဉ်တန်းက မနေ့ညမှာပဲ ဒါဆိုင်းရွာအဝင်နားလောက်မှာ ပြန်ပြီး မိုင်းဆွဲခံလိုက်ရတာ စစ်ကားတစ်စီးကတော့ ကမ်းပါးကနေ ပြုတ်ကျပြီး အောက်ကို လိမ့်ကျသွားတယ်။ ပြီးရင် စစ်သားတွေလည်း ထိခိုက်သေဆုံးတာတွေရှိနိုင်တယ်လို့ပြောတယ်။ အဲ့ကြောင့် အခုအဲ့လမ်းတွေအကုန်လုံးကို ပိတ်ထားတယ်

စစ်ကောင်စီရဲ့ စစ်ကားယာဉ်တန်း မိုင်းဆွဲခံရတဲ့နေရာမှာ စစ်ကားတစ်စီးပျက်စီးသွားတဲ့အပြင် ထိခိုက်သေဆုံးတာတွေလည်း ရှိနိုင်တဲ့အတွက် လက်ရှိချိန်ထိ မိုင်းဆွဲခံရတဲ့ အထက်မှာရှိတဲ့ မြို့သစ်ကြိုးတံတားကနေ အတက်အဆင်းပြည်သူတွေအားလုံးကို စစ်ကောင်စီကနေ လမ်းပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။

KIA ဘက်က မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့ အဲဒီယာန်တန်းဟာ စစ်သားသီးသန့် တင်ဆောင်လာတဲ့ စစ်ကား ၅ စီးနဲ့ စစ်ရိက္ခာတင်လာတဲ့ စစ်ကား ၅ စီးဖြစ်ပြီးတော့ နမ်ဆန်းယန်ဘက်ကို စစ်ကြောင်းထိုးလာတဲ့အချိန်မှာ တိုက်ခိုက်ခံရတာလည်းဖြစ်တယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့လည်း ဗန်းမော်ဘက်နေ စစ်ရိက္ခာအပြည့်နဲ့တင်ဆောင်လာတဲ့ စစ်ယာဉ်တန်း ၂၆ စီးကဟာ လက်ရှိ ဒေါ့ဖုန်းယန် စစ်တပ်စခန်းနေမှာသာ ဆက်လက်ရှိနေပြီး နမ်ဆန်ယန်ဘက်ကို ထွက်ခွာဖို့လည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

KIA ထိန်းချုပ်နယ်မြေ အနီးတဝိုက် နမ့်ဆန်ယန်ဘက်ကို စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား– ဝိုင်းမော်မြို့နယ်နဲ့ ဗန်းမော် စတဲ့ လမ်းကြောင်းတွေကနေ စစ်ကြောင်းထိုး အင်အားဖြည့်တင်နေတာကြောင့် မြစ်ကြီးနားဗန်းမော်လမ်းမှာ စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်ပွားနေတာ ၃ ရက်လောက်ကြာမြင့်လာပြီဖြစ်တယ်။

အလားတူ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဂျာပူကျေးရွာအနီးတဝိုက်မှာလည်း ပြီးခဲ့တဲ့ တစ်လကျော်လောက်ကနေ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးဝင်ဖို့ အင်အားဖြည့်တင်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA တပ် ၂ ဖက် ထိတွေ့တိုက်ပွဲပုံမှန် ဖြစ်ပွားနေတယ်လို့ ဂျာပူဒေသခံတစ်ယောက် အခုလိုပြောပါတယ်။

ဒီမှာ တိုက်ပွဲမဖြစ်ရင်လည်း ၂ ဖက်တပ်ကနေ လက်နက်ကြီးတွေပစ်ခတ်ကြတာရှိတယ်။ လက်နက်ကြီးမပစ်ရင် တိုက်ပွဲက ပုံမှန်ဖြစ်နေတာ။ နေ့တိုင်းလိုလိုလည်းမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဂျာပူနဲ့ဒဘတ်ကြားမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားလာပြီဆိုရင် KIA က ဝန်းရံပြီး ပစ်တာတွေလုပ်တော့ အထက်ကိုလည်း မတက်နိုင် အဲ့နားတဝိုက်မှာပဲရှိနေကြတယ်လို့ပြောပါတယ်။

အခုလို စစ်ကောင်စီဘက်ကနေ နမ်ဆန်ယန်ဘက်ကို စစ်အင်အားနဲ့ ရိက္ခာတွေ ပို့ဆောင်ဖို့ လုပ်ဆောင်နေတာကြောင့် စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေတဲ့အတွက် တိုက်ပွဲပြန်လည် ပြင်းထန်လာမှာကို ဒေသခံ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

Show More

Related Articles

Back to top button