သတင်း

မိုးညှင်းမှာ စစ်တပ်သတင်ပေး အမျိုသားတစ်ယောက် ပစ်သတ်ခံရ

ကချင်ပြည်နယ်  မိုးညှင်းမြို့  အရှေ့စုရပ်ကွက်မှာ နေထိုင်တဲ့ စစ်တပ်သတင်းပေး အမျိုးသားတစ်ယောက် စက်တင်ဘာလ ၄ ရက်နေ့က ပစ်သတ်ခံရတယ်လို့ မိုးညှင်းဒေသခံတစ်ယောက်က ပြောပါတယ်။

ပစ်သတ်ခံရသူဟာ သန်းထွန်းအောင် (ခ)အားဖူ ကလောင်နာမည် မင်းရာဇာဆိုသူဖြစ်ပြီး မိုးညှင်းမြို့နယ် ထွေအုပ်ရုံးနားမှာ ဇနီးဖြစ်သူနဲ့ ဆိုင်ကယ်အတူစီးလာချိန် ဆိုင်ကယ်တစ်စီးနဲ့ လူငယ် ၂ ယောက်ကနေ ပစ်သတ်သွားတာဖြစ်တယ်လို့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ယောက်က ခုလိုပြောပါတယ်။

“မနေ့ည ညနေ ၄နာရီလောက်မှာ အဲဒီမြို့နယ်အုပ်ချုပ်ရေးရုံးနားမှာဘဲ  နီးနီးလေး လုပ်ကြံသွားတာ အသံတိတ်သေနတ်နဲ့ လုပ်ကြံသွားတာတဲ့ ဘာအသံမှကို မကြားကြဘူး။ လင်မယား နှစ်ယောက်ဆိုင်ကယ်စီးလာတာ အဲဒီလမ်းကြောင်းမှာ အဲနားမှာ အဆောင်တစ်ဆောင်ရှိတယ် အဆောင်ကနေ ၅ လှမ်းလောက်လှမ်းလိုက်ရင် ထောင့်မှာထွေအုပ်ရုံးရောက်ပြီ အဲကြားမှာ လုပ်သွားတာ”လို့ ပြောပါတယ်။

ဒေသခံတစ်ချို့ပြောတာကတော့ ပစ်သတ်ခံရတဲ့ သန်းထွန်းအောင်(ခ) အားဖူ ကလောင်နာမည် မင်းရာဇာဆိုသူဟာ အရင် အာဏာမသိမ်းခင် အလွတ်တန်းသတင်းထောက်လုပ်ကိုင်ဖူးသူဖြစ်ပေမယ့်လို့ အာဏာသိမ်းပြီးနောက်မှတော့ စစ်တပ်လက်အောက်ခံ ဌာနဆိုင်၊ရဲတွေနဲ့ပေါင်းပြီး သတင်းပေးလုပ်နေသူဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မိုးညှင်းဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။

“မိုးညှင်းမှာ ဘာတွေဒုက္ခလိုက်ပေးနေလဲဆိုရင် ဘိန်းတွေ၊ လောင်းကစားဝိုင်းမှာ ရဲတွေနဲ့ပေါင်းပြီး ဝေစားမျှစားလုပ်တဲ့သတင်းထောက် ပိုဆိုးသွားတာက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရပ်ကွက်ထဲမှာ သူနဲ့မတည့်တဲ့ CDM ဝန်ထမ်းတွေကို တိုင်တယ် သတင်းပေးဖမ်းခံရအောင်လုပ်တယ်။ သူကြောင့် ထွက်ပြေးရတဲ့ကလေးတွေ၊ထောင်ကျတဲ့ကလေး အိမ်ချိတ်ပိတ်ခံရတဲ့သူတွေလည်း ရှိတယ်”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မိုးညှင်းကာကွယ်ရေးတပ်ဘက်ကလည်း စက်တင်ဘာလ ၄ ရက်နေ့ အထက ၁ ရပ်ကွက်လမ်းတစ်နေရာမှာ ပစ်ခတ်ရှင်းလင်းခံလိုက်ရတဲ့ သန်းထွန်းအောင်ဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့  တရားဝင် သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ စစ်တပ်သတင်းပေး သန်းထွန်းအောင် (ခ)အားဖူ မင်းရာဇာဆိုသူဟာ ပြည်သူ့တော်လှန်ရေးဘက်တော်သားတွေကို နည်းအမျိုးမျိုးနဲ့ဒုက္ခပေးနေသူမို့ ရှင်းလင်းလိုက်တာဖြစ်ပြီး နောက်နောင်မှာလည်း စစ်တပ်နဲ့ပူးပေါင်းတဲ့ဘယ်အဖွဲ့အစည်း ဘယ်လူပုဂ္ဂိုလ်မဆို ချေမှုန်းသွားမယ်လို့လည်း ဆိုထားပါတယ်။

မိုးညှင်းမြို့မှာ အာဏာသိမ်းပြီးနောက် ကာကွယ်ရေးတပ်တွေအားကောင်းတဲ့ မြို့နယ်ဖြစ်ပြီး ဒီနှစ် ဇွန်လမှာ မြို့မရဲစခန်းပစ်ခတ်ခံရတာအပြင် နယ်ထိန်းရဲတစ်ဦးလည်း ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button