သတင်း

နမ်ဖမ်ကာရွာမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေ

ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ စစ်တပ်ကလက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေသလို TNLA ဘက်ကလည်း စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံပြည်သူများ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်ပူပန်နေကြရတယ်လို့ သိရပါတယ်။

နမ့်ဖတ်ကာမှာ တပ်စွဲထားတဲ့ ခလရ ၁၂၃ စစ်တပ်ဟာ စက်တင်ဘာ ၆ ရက် ဒီနေ့မှာလည်း လက်နက်ကြီးအဆက်မပြတ် ရမ်းတမ်းပစ်ခတ်နေတဲ့အပြင် TNLA ဘက်ကလည်း ရွာသားတွေကို ရွာထဲက တိမ်းရှောင်ကြဖို့ ပြောဆိုနေတယ်လို့ နမ့်ဖက်ကာဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ နမ့်ဖတ်ကာမှာ လက်နက်ကြီးသံတွေ ပြန်မြည်နေပြီ ရွာသားတွေအားလုံး ကြောက်ပြီးပြန်အောင်းနေကြပြီ။ TNLA ဘက်ကလည်း ဝင်ရောက်လာတော့မလို သတင်းကြားနေရတယ်။ ရွာထဲ၊ ရွာပြင် စစ်တပ်ဘက်က လုံခြုံရေးအပြည်ယူထားပုံရတယ်။ စစ်ရေးအခြေအနေတင်းမာပြီး ရှုတ်ယှက်ခက်နေတယ်။ ရွာသားတွေကို စစ်တပ်ဘက်ကတော့ ဘာမှမပြောဘူး။ ဒါပေမဲ့ TNLA ဘက်ကတော့ ထွက်ပြေးတိမ်းရှောင်ကြပါ လို့ပြောတာပေါ့။ ကတုတ်ကျင်းတွေတူးထားပါ၊ တိမ်းရှောင်ရမလိုဖြစ်ရင်တိမ်းရှောင်ကြပါတဲ့” လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

TNLA ဘက်မှ နမ့်ဖတ်ကာကျေးရွာဒေသခံပြည်သူတွေကို အခြေအနေပေါ်မူတည်ပြီး တိမ်းရှောင်ကြဖို့ တွန်းအားပေးလာတဲ့အတွက် လက်ရှိမှာဒေသခံတစ်ချို့  နီးစပ်ရာ မြို့၊ရွာတွေဆီကအသိမိတ်ဆွေတွေ ဆီ တိမ်းရှောင်သွားကြသူတွေလည်း ရှိနေပြီလိုဆိုပါတယ်။

ဒါပေမယ့် ရွာထဲကနေ တိမ်းရှောင်ဖို့ ခက်ခဲတဲ့ရွာသားအများစုကတော့ စိုးရိမ်ကြောက်ရွံ့လျက် ဆက်လက်နေနေရတယ်လို့ ဆိုပါတယ်။

ဒီတလောဆက်တိုက်ပဲ တိမ်းရှောင်ဖို့ ပြောနေတာ။ TNLA ဘက်ကတော့ ရွာထဲကို လုပ်ငန်းဝင်ဖို့ပြင်ဆင်နေပုံရတယ်။ ရွာသားတွေကတော့ ထွက်ပြေးကြပါလို့ပြောခံနေရပေမဲ့ ဘယ်ဘက်ကို ထွက်ပြေးရမလဲ ဆုံးဖြတ်ချက်ချရခက်နေကြတာပေါ့။ ရွာပြင်ဘက် မြို့၊ ရွာတွေဆီ အသိမိတ်ဆွေ တွေရှိတယ်ဆိုရင်တော့ တိမ်းရှောင်သွားလို့ရတယ်။ ဒါပေမဲ့ မိတ်ဆွေမရှိတဲ့သူ၊ ခက်ခဲတဲ့သူတွေအတွက်တော့ တိမ်းရှောင်နိုင်ဖို့ ခက်ခဲတယ်။ ပြီးတော့ ကလေးတွေကအစ၊ သက်ကြီးရွယ်အိုတွေကအစ ၊ငွေကြေးကအစ စစ်ရှောင်ရင်တော့ အရမ်းခက်ခဲလာမှာဆိုတော့ ထွက်သွားနိုင်ဖို့ ခက်တယ်။ ဒီကပြည်သူတွေက ဒီနေ့လုပ် ဒီနေ့စား ဘ၀တွေပဲလေ။ ဆိုတော့ ထွက်ပြေးကြပါပြောနေတာကို မထွက်ပြေးရင်လည်း ဒုက္ခ၊ ပြန်ထွက်ပြေးမယ်ဆိုလည်း ဒုက္ခ ဒီလိုအခက်အခဲတွေရှိနေတာပေါ့ “ လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

ဒါပေမယ့် နမ့်ဖတ်ကာဒေသခံတွေဟာ စစ်ရေးအခြေအနေ ပြင်းထန်လာရင်တော့ ဖြစ်တဲ့နည်းလမ်းနဲ့ထွက်ပြေးကြဖို့ လုပ်ဆောင်ရမယ်လို့ သူကဆက်ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာအနီးတဝိုက် ဩဂုတ်လ လကုန်ပိုင်းနဲ့ စက်တင်ဘာလ လဆန်းကနေ TNLA ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တအာင်းမျိုးနွယ်စုများနေထိုင်တဲ့ ရပ်ကွက်၊ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ကြဖို့နဲ့ ကတုတ်ကျင်းတူးထားကြဖို့ တွန်းအားပေး ညွှန်ကြားနေတာလည်းဖြစ်တယ်လို့ ဒေသခံတွေပြောဆိုပါတယ်။

လက်ရှိမှာ စစ်တပ်ဘက်ကလည်း ရွာထဲ၊ရွာပြင် လုံခြုံရေးများယူပြီး နမ့်ဖတ်ကာစစ်တပ်စခန်းကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေလို့ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေလည်း ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ မနေ့ညကလည်း နမ့်ခိုင်စစ်တပ်ကနေ လက်နက်ကြီးဆက်တိုက် ပစ်ခတ်မှုကြောင့် မိုင်းယုရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေ ရှိကာ လူထိခိုက်မှုမရှိပေမဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ ဆက်လက်သိရပါတယ်။

စစ်တပ်ဘက်ကတော့ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းမှူးက ကျေးရွာတာဝန်ခံတချို့ကို ထပ်မံခေါ်ယူပြီး ရွာထဲကို TNLA တွေ ဝင်ရောက်လာရင် တအာင်းပြည်သူတွေရှိတဲ့ ရွာကို လက်နက်ကြီး ပစ်မယ်၊ KIA တွေ ဝင်ရောက်ပစ်ခတ်ရင် ကချင်ပြည်သူတွေရှိတဲ့ ရွာတွေဆီကို လက်နက်ကြီးပစ်ခတ်မယ် လို့ ခြိမ်းခြောက်ပြောဆိုထားကြောင်း နောက်ထပ်နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ နမ့်ဖတ်ကာကျေးရွာအနီးတဝိုက်နဲ့ နမ့်ခမ်းမူဆယ်ကြား စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ တအာင်း TNLA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးနဲ့ နေရာမရွေးပစ်ခတ်သလို လေယာဉ်အသုံးပြုပြီး ပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတယ်။

ထိုသို့ စစ်ကောင်စီ၏ လက်နက်ကြီးများ ရွာအတွင်းပြည်သူတွေထံ ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံပြည်သူ စုစုပေါင်း ၁၀ ထက်မနည်း ထိခိုက် သေဆုံးမှု ရှိခဲ့ပြီး နေအိမ်အများအပြားနဲ့ အိမ်မွေးတိရစ္တာန်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

တကယ်အရမ်းခက်ခဲလာတာပေါ့ စစ်တပ်ကိုက ပြည်သူကိုညာတာဖို့ဆိုတာ ဘယ်သူ့မှတောင် မယုံတော့ဘူးလေ။ မယုံဘူးဆိုတာ သူတို့က မပြောလည်းပစ်ထည့်ပေးတယ်။ ပြောပြီဆိုတော့ ပိုပြီးပစ်ထည့်ပေးတာပေါ့။ အွန်လိုင်း နဲ့ သတင်းတွေမှာ ဘယ်လောက်တင်နေတင်နေ သူတို့က ဘယ်သူ့ကိုမှ ဂရုစိုက်မှာမဟုတ်ဘူး။ မီဒီယာသတင်းတွေကိုလည်း ဂရုစိုက်မှာမဟုတ်ဘူး။ သူတို့က ပိုပြီးတောင် ပစ်ထည့်ပေးနေတာ” ဟု နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးကဆိုပါတယ်။

နမ့်ဖတ်ကာကျေးရွာဟာ ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာတည်ရှိပြီး ကချင်၊ တအာင်း၊ ရှမ်း၊ တရုတ် စတဲ့ တိုင်းရင်းသားပေါင်းစုံ အတူယှဉ်တွဲနေထိုင်နေတဲ့ ကျေးရွာကြီးတစ်ခုဖြစ်သလို အိမ်ခြေ ၁၀၀၀ ကျော်တဲ့ ရွာဖြစ်ပါတယ်။

Show More

Related Articles

Back to top button