တိုက်ပွဲသတင်း

ဂျာပူနဲ့ ဒဘတ်ကြားမှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲပြင်းထန်နေ

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် မှာရှိတဲ့ ဂျာပူရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်တော် KIA တပ်ဖွဲ့တို့ကြား ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဂျာပူနဲ့ ဒဘတ်ရွာကြားမှာရှိတဲ့ လဖရားယန်ချောင်း(Lahpra Hka)အနီးတဝိုက်မှာ ဒီကနေ့ မနက်ပိုင်းကနေ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ KIA ရှေ့တန်း  နဲ့ နီးစပ်တဲ့ ဂျာပူဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

“မနက်ပိုင်း ၈ နာရီလောက်မှာ တစ်ခါဖြစ်ပြီးတော့ ခဏပြန်ရပ်သွားတယ်။ ၁၂ နာရီလောက်ကနေ ၁ နာရီလောက်အထိ ပြန်ဖြစ်နေကြတယ်။ တိုက်ပွဲက အဲဒီဂျာပူနဲ့ ဒဘတ်ကြားမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကစစ်ရေးလှုပ်ရှားလာလို့ KIA က ပြန်ပြီးခုခံတိုက်ခိုက်တဲ့သဘောမှာပဲရှိနေတာပါ”လို့ ပြောပါတယ်။

လက်ရှိ KIA တပ်ဖွဲ့ရဲ့ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ လောက်ကတည်းကနေ စစ်ကား ၂ စီး စစ်အင်အား ၁၀၀ ကျော်နဲ့ ဒဘတ်နဲ့ ဂျာပူ ရွာ ၂ ခုကြားမှာ ဝင်ရောက်တောခိုနေကြတဲ့ စစ်ကြောင်းဖြစ်ပြီး နမ်ဆန်ယန်ဘက်ကို ပြန်လည်ထွက်ခွာဖို့ လမ်းကြောင်းရှာနေချိန် တိုက်ခိုက်ခံနေရတာဖြစ်တယ်လို့ KIA သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

ဒါကြောင့် အဲဒီစစ်ကြောင်းကို KIA တပ်ဘက်က လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တဲ့အတွက် ဂျာပူရွာနားမှာတော့ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာနေတာ  ၂ ပတ်ကျော်လောက်ကြာမြင့်လာပြီဖြစ်တယ်။

ဒါ့အပြင် တဖက်မှာလည်း တောကနေထွက်လာလို့မရအောင် လမ်းကြောင်းပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကယ်ထုတ်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဘတ်နန်ယန်(Bak Nan Yang)၊ ဘဂမ်ယန်(Ba Gam Yang) စတဲ့ စစ်တပ်နေရာကနေ KIA တွေရှိတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေတဲ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို လေကြောင်းနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်တာတွေရှိနေပြီး ဒီနေ့မှာလည်း လေကြောင်းနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်နိုင်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက မှတ်ချက်ပြုပါတယ်။

KIA တပ်က လမ်းပိတ်ဆို့ထားတဲ့ စစ်ကြောင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကနေ စတင်ဝင်ရောက်လာတဲ့စစ်ကြောင်းဖြစ်ပြီး ဩဂုတ်လမှာနောက်ထပ်တစ်ကြိမ် စစ်အင်အားတိုးချဲ့ထား တာကြောင့် လက်ရှိမှာ အဲဒီစစ်ကြောင်း စစ်အင်အား ၂၀၀ ဝန်းကျင်လောက်ရှိနေပြီး နမ်ဆန်ယန်ဘက်ကို ဦးတည်ပြီးသွားနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လလောက်ကနေ KIA ထိန်းချုပ်နယ်မြေအနီးတဝိုက် နမ်ဆန်ရွာ ဘက်ကို တပ်စခန်း ၃ နေရာလောက်မှာ တပ်ချနေထိုင်ဖို့ မြစ်ကြီးနား – ဗန်းမော်တစ်လျှောက် စစ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပါတယ်။

အဲဒါကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ ထိတွေ့တိုက်ပွဲများ ပုံမှန်ဖြစ်နေပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်နေ စစ်လက်နက်ရိက္ခာတင်ပို့တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button