တိုက်ပွဲသတင်း

ဒေါ့ဖုန်းယန်အနောက်ဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ

ဒေါ့ဖုန်းယန့်မြို့အနောက်ဘက်ကို စစ်ကောင်စီ စစ်ကြောင်းတွေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ပန်ကောင်းမှုနဲ့ လုံဂျုံယန်ရပ်ကွက် ၂ ခုက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

စစ်ကား ၇ စီးနဲ့ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာ ဗန်းမော်ကားလမ်းမကြီးအတိုင်းမဟုတ်ပဲ ကုန်းလောကနေ ဒေါ့ဖုန်းယန်မြို့ အနောက်ဘက်လမ်းကြောင်းတွေအတိုင်း ဝင်ရောက်လာတဲ့အတွက် ပန်ကောင်းမှုနဲ့ လုံဂျုံဒေသခံတွေက နီးစပ်လုံခြုံနိုင်တဲ့ နေရာတွေမှာ တိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေါ့ဖုန်းယန်ဒေသခံတစ်ယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး သူတို့က ဒီကိုဝင်လာဖို့အတွက် ပစ်ရှင်းရှင်းရင်း တက်လာကြတာ။ သူတို့ဝင်လာတာက လမ်းမကြီးအတိုင်းလည်းမဟုတ်ဘူး ဒေါ့ဖုန်းယန်ရဲ့ အနောက်ကနေ တက်လာကြတဲ့ အဲဒါကြောင့် အနောက်ဘက်မှာရှိတဲ့ ပန်ကောင်းမှုနဲ့ လုံဂျုံယန်  ရွာသားတွေထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့က နေ့လည်ပိုင်း ကုန်းလောကနေ ထွက်ခွာလာတဲ့အချိန် တိမ်ဖျားလမ်းလို့ခေါ်တဲ့ လမ်းခုလပ်တစ်နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စောင့်ကြိုတိုက်ခိုက်ခံမှုကို ခံလိုက်ရပါတယ်။

ဒေသခံတွေဟာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု နဲ့ ဖမ်းဆီးခံရမှာကို စိုးရိမ်တဲ့အတွက် ကြိုတင် တိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု ဒေါ့ဖုန်းယန်ဘက်ကို တက်လာတဲ့ စစ်ကြောင်းဟာ ဒီလ ဆန်းပိုင်းထဲမှာပဲ ဗန်းမော်ဘက်ကနေ စစ်သားသီးသန့် စစ်ကား ၅ စီးနဲ့ စစ်ရိက္ခာ သယ် ၅ စီး စုစုပေါင်း ၁၀ စီးနဲ့ တက်လာခဲ့တာဖြစ်ပြီး စက်တင်ဘာ ၅ ရက်နေ့မှာလည်း ကုန်းလောမရောက်မှီ ဒါဆိုင်းရွာအနီးမှာ KIA ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတဲ့အတွက် လက်ရှိမှာ ဒေါ့ဖုန်းယန်ဘက်ကို တက်လာတဲ့ စစ်ကြောင်းထဲမှာ စစ်ကား ၇ စီးသာ ပါရှိလာတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် လဝက်ပိုင်းက ဗန်းမော်ဘက်နေ ပထမဆုံးတက်လာတဲ့ စစ်အင်အားအပါ စစ်ရိက္ခာတင်ဆောင်လာတဲ့ စစ်ယာဉ်တန်း ၂၆ စီးကလည်း ဒေါ့ဖုန်းယန်ထဲ ရောက်ရှိနေတာ တစ်ပတ်လောက် ကြာမြင့်လာပြီဖြစ်ပေမယ့် လက်ရှိအချိန် ဒေါ့ဖုန်းယန်မှာရှိနေဆဲဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်နယ်မြေ နမ်ဆန်ယန်ကျေးရွာမှာ စခန်းချနိုင်ဖို့ ကြိုးစားနေပြီး ဗန်းမော်လမ်းအတိုင်း စစ်အင်အားပို့ဆောင်နေသလို မြစ်ကြီးနားဘက်ကနေလည်း အင်အားပို့ဆောင်နေတာဖြစ်ပါတယ်။

 

ဒါကြောင့် လက်ရှိမှာတော့ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်မှာ နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်နှင့် KIA ဌာနချုပ် လုံခြုံရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button