သတင်း

တော်လှန်ရေးမှာပါဝင်နေတဲ့သူတွေ အာဏာရှင်ဆန်လာခဲ့ရင် ပြတ်ပြတ်သာသားဖယ်ထုတ်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလပြော

တော်လှန်ရေးမှာပါဝင်နေသူတွေအနေနဲ့ အာဏာရှင်မဆန်ကြဖို့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေလည်း ပြည်သူကို ထိခိုက်နစ်နာအောင် မပြုလုပ်ကြဖို့နဲ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ) နှစ်ပြည့်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားရာမှာ ပြောကြားလိုက်ပါတယ်။

တော်လှန်ရေးကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသူတွေကို အထူးသတိပေးလိုတာက စစ်အာဏာရှင်ကိုဆန့်ကျင်နေပါလျက်နဲ့ ကျွန်တော်တို့ကိုယ်တိုင်က စစ်အာဏာရှင်များရဲ့ အမူအကျင့်၊ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်မိကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရှိလာရင်လည်း ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်လို့ပြည်သူ့ခုခံတော်လှန်စစ်ကြေညာတဲ့ ၂ နှစ်ပြည့်နေ့မှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောလိုက်ပါတယ်။

အလားတူ ပြည်သူကိုဝန်ဆောင်မှုပေးနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ တရားရေးမဏ္ဍိုင်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေအနေနဲ့လည်း ပြည်သူလူထုရဲ့ အသံကို နားစွင့်ပြီး အုပ်ချုပ်ရေးယန္တရားကိုလည်း အကောင်းဆုံးလုပ်ဆောင်ကြဖို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေကိုလည်း အထူးဂုဏ်ပြုကျေးဇူးတင်ကြောင်းနဲ့ စစ်မြေပြင်မှာ စစ်ဘက်ဆိုင်ရာစည်းကမ်းများကို လိုက်နာကြဖို့ သတိပေးလိုက်ပါတယ်။

နှစ်နှစ်တာကာလအတွင်း အသက်ပေးစွန့်လွတ်ခဲ့ကြသူတွေ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသူတွေ၊ စစ်ကောင်စီအကျဉ်းထောင်အသီးသီးမှာ ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းနေကြသူတွေနဲ့ အာဏာဖီဆန်ရာမှာ CDM တွင် ပါဝင်ခဲ့ကြသူတွေကိုလည်း ဂုဏ်ပြုကြောင်းပြောပါတယ်။

စစ်တပ်ဘက်ကတော့ နှစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်တာ ၁၄၀၀ ကျော်လုပ်ခဲ့လို့ အရပ်သားပြည်သူ လေးထောင်ကျော်လည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနှစ်နှစ်အတွင်း စစ်ရေးအရ အောင်မြင်မှုတွေရလာသလို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်ပြီလို့လည်း ပြောပါတယ်။

ဒီနေ့ဟာ စစ်ကောင်စီကို NUG အစိုးရဘက်က စစ်ကြေညာခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button