သတင်း

မိုင်းနောင် နဲ့ မမုံကိုင် ကျေးရွာ နောက်ဘက်မှာ ရွှေတူးတဲ့ စက်သံကြားရင် ပစ်မယ်လို့ စစ်ကောင်စီတပ် သတိပေး

ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ နဲ့ မမုံကိုင်ကျေးရွာ အနောက်ဘက်မှာ လက်ရှိ စစ်ကောင်စီတပ် ဝင်ရောက်နေပြီး ရွှေတူးတဲ့စက်သံကြားရင် ပစ်ခတ်မယ်လို့ သတိပေးထားတဲ့အတွက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားနေတယ်လို့  အင်းတော်ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ အင်အား ၅၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းဟာ မိုင်းနောင် နဲ့ မမုံကိုင်အနောက်ကြော နန့်ရင်းချောင်းဘက်ကို ဝင်ရောက်လာချိန်ရွှေတူးဖော်မှုတွေ ခေတ္တရပ်နားနေတယ်လို့ မိုင်းနောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“ဖမ်းတာဆီးတာတွေတော့မရှိဘူးဗျ ဒီတိုင်းပဲ နားနေကြတာပြီးတော့ စစ်တပ်ဘက်ကလည်း စက်သံကြားတာနဲ့ ပစ်မယ်လို့ပြောတယ်တဲ့ အဲ့ကြောင့် ဘယ်သူမှမမောင်းရဲဘူး ခုလောလောဆယ်တော့”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်း ဒီဒေသမှာ ရွှေတူးဖော်မှုတွေ များပြားလာချိန်မှာဘဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်နဲ့ ရောက်လာပြီး ရွှေတူးဖော်မှုကို ရပ်နားစေခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာဘဲ တူးဖော်မှုတွေ ပြန်လည်စတင်ခဲ့သလို စက်ယန္တရား ရာဂဏန်းနီးပါးနဲ့ လက်လုပ်လက်စားသမားတွေအများအပြား တူးဖော်နေတာဟာ ပြီးခဲ့တဲ့ အပတ်အထိ ဖြစ်ပါတယ်။

“လှုပ်ရှားတပ်ပါ့ အင်းတော်ကြီးမှာက လုံးတုံအထိုင်တပ်ရှိတယ် လှုပ်ရှားတပ်ရှိတယ် အခုကလှုပ်ရှားတပ်တွေဝင်လာတာ သူတို့ဝင်လာတော့လုပ်ကွက်တွေ အားလုံးနားထားတယ် စက်တွေလည်းတချို့ဆိုလုပ်ကွက်ထဲကနေ တခြားနေရာကို ရွေ့ထားကြတယ်”လို့ အထက်ပါ မိုင်းနောင်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေ သုံးသပ်ပြောဆိုချက်အရ မိုင်းနောင်၊ မမုံကိုင် အနီးဝန်းကျင်က ရွှေလုပ်ကွက်တွေကနေ KIO/KIA အဖွဲ့ ဆီအခွန်ငွေ ပေးဆောင်နေရတာတယ်လို့ စစ်တပ်ကယူဆနေတာကြောင့် အဲ့ဒီရွှေလုပ်ကွက်တွေ ရပ်နားသွားအောင် စစ်ရေးလှုပ်ရှားလာတာလို့ လည်း ပြောဆိုနေကြပါတယ်။

မိုင်းနောင်၊ မမုံကိုင်အနောက်ဘက်မှာ စစ်ကောင်စီတပ်တွေရောက်ရှိလာလို့ လုပ်ငန်းတွေ ရပ်ဆိုင်းထားရပေမယ့် မိုင်းနောင် နဲ့ မိုင်ပေါင်း ၂၀ ကျော်ဝေးတဲ့ နန့်ရင်းချောင်းဖျားက ရွှေလုပ်ကွက်တွေကတော့ ရပ်နားခြင်းမရှိပဲ ပုံမှန်ရွှေတူးဖော်နေတယ် လို့ စုံစမ်းသိရှိရပါတယ်။

အင်းတော်ကြီးဒေသမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေ တစ်နေ့ထက်တစ်နေ့ များပြားလာနေပြီး စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေတာကြောင့် ခေါင်းတုံးချောင်းရေစီးကြောင်းတွေပျက်စီးပြီး လွန်ခဲ့တဲ့ လက ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံးရေကြီးရေလျှံမှုဖြစ်ခဲ့သလိုအင်းတော်ကြီးကန်လည်းထိခိုက် ပျက်စီးမှုဖြစ်လာနေတယ်လို့ဒေသခံတွေကဆိုပါတယ်။

အစိုးရ ခေတ်အဆက်ဆက် ရွှေတူးဖော်မှုရှိခဲ့တဲ့ နေရာဒေသတစ်ခုဖြစ်တာကြောင့် ခေါင်းတုန်ခ၊ နမ့်တန်ခနှင့် အင်မြန်ခ စတဲ့ ချောင်းတွေဟာ ရေလမ်းကြောင်းပျက်စီးလာသလို အိမ်မွေးတိရစ္ဆာန်တွေအတွက် စားကျက်မြေတွေလည်း ပျောက်ကွယ်လာနေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Show More

Related Articles

Back to top button