သတင်း

ပုလဲမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးစစ်ကြောင်းတွေတိုက်ခိုက်ခံရလို့ ၁ဦးသေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်သား နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ် ဘက်က တိုက်ခိုက်ခဲ့တဲ့အတွက် ၁ ဦးသေဆုံးပြီး သေနတ်တစ်လက် ပါသိမ်းဆည်းရရှိခဲ့တယ်လို့ ကာကွယ် ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။

မနေ့က စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်း ၅နာရီလောက်မှာ ကန်ဒေါင့်ရွာ ရဲစခန်းကနေ ရိက္ခာတင်ပြီး ပြန်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ကို သရက်ကန်ရွာနားမှာ ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက တာဝန်ရှိသူတစ်ယောက် က ပြောပါတယ်။

ရဲစခန်းရှိတဲ့ ကန်ဒေါင့်ရွာကနေ ရိက္ခာတွေသယ်ပြီး ညနေပိုင်းလောက်မှာ ဒီစစ်ကြောင်းကလက်နက်ကြီး လက်နက်ငယ်တွေနဲ့တောက်လျှောက်ပစ်ပြီး အင်မထီးပျူစခန်းထဲကို ဝင်ဖို့ကြိုးစားတာ အဲ့မှာတော်လှန်ရေး အင်အားစုတွေကလိုက်ပစ်တာ ပျူလို့ယူဆရတဲ့သူရဲ့ရုပ်အလောင်း နဲ့ အိန္ဒိယထုတ်ခပ်ချိုးသေနတ်တစ်လက် ရလိုက်တယ်လို့ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ မနေ့က မနက်ပိုင်း၇နာရီလောက်ကတည်းက အင်မထီးပျူစခန်းက နေ ကန်ဒေါင့်ရွာဘက်ကို ရိက္ခာသယ်ဖို့ ဦးတည်ကတည်းက ကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတာ ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်တာတွေလုပ်ခဲ့သေး တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကဆိုပါတယ်။

အင်မထီးရွာပျူစခန်းမှာရောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ရက်နေ့ကတည်း က အင်မထီးပျူရွာအတွင်းရိက္ခာပြတ်လပ်နေလို့ ဆားလင်းကြီး မြို့နယ်ကနေရောက်လာတဲ့ စစ်ကြောင်း ဖြစ်တယ်လို့ ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက တာဝန်ရှိသူတစ်ယောက် က ပြောပါတယ်။

အင်မထီးပျူစခန်းက တော်တော်လေးရိက္ခာပြတ်နေကြတာ ထွက်ပြေးတဲ့သူတွေ လည်းရှိတယ် ဒီပြဿနာကို စစ်ကောင်စီတပ်က မဖြေရှင်းပေးရင် ပြိုသွားမယ့် အနေအထားရှိတယ် အဲ့တာကြောင့် ဒီစစ်ကြောင်းက ရောက်လာတာလို့ပြောပါတယ်။

တစ်ဖက်မှာတော့ အဲ့ဒီစစ်ကြောင်းကြောင့် ပုလဲအနောက်ဘက်ခြမ်းကရွာပေါင်း ၇ ရွာလောက်က ဒေသခံတွေ ကတော့ စစ်ကြောင်းထွက်လာတိုင်း ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကန်ဒေါင့်ရွာနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ အင်မထီးရွာပျူစခန်းဟာ ၄မိုင်လောက်ပဲ ဝေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ ပြီးခဲ့တဲ့ဩဂုတ်လအထိကို စစ်ကိုင်းတိုင်းမှာ ဒေသခံ ၈သိန်းနီးပါး ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်း တွေအရသိရပါတယ်။

Show More

Related Articles

Back to top button