ဖမ်းဆီးခံရမှုသတင်း

ကသာမှာ စစ်ကောင်စီတပ်က အရပ်သား ၈ ယောက်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၄ လုံးကိုလည်း မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် ဗန်းမော်ကိုဦးတည်တက်လာနေတဲ့စစ်သင်္ဘောတွေပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကသာမြို့နယ် တုတ်ကြီးရွာက နေအိမ် ၃၄ ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးအရပ်သား ၈ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၇နာရီလောက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘော၆စီးက တုတ်ကြီးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံတွေကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး အရပ်သား ၈ ယောက်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

“ကာကွယ်ရေးတပ်တွေဆုတ်သွားတဲ့အချိန်ကျတော့ တုတ်ကြီးရွာထဲကိုဝင်ပြီးရွာသားတွေကိုပစ်သတ်တယ် ရွာကိုမီးရှို့တယ် လက်ရှိရုပ်အလောင်းမျက်မြင်က ၄လောင်းမီးရှို့ထားတာက၂လောင်း ဘယ်သူမှန်းတောင် ပုံဖော်လို့မရတော့ဘူး ပုံမပျက်ပဲသေနတ်နဲ့ပစ်သတ်ရိုက်သတ်တာက ၂လောင်း နောက်ပြီးတော့ ကမ်းနားမှာ ကဦးနှောက်အဆီဖက်တွေထွက်ပြီး သွေးကွက်တွေနဲ့ ရေထဲကိုဆွဲချထားတယ်လို့ ယူဆ ထားတဲ့ရုပ်အလောင်းက သုံးလောင်း ရေထဲကိုပစ်ချတာက တစ်လောင်း စုစုပေါင်း ၈ယောက်ပေါ့”လို့ပြောပါတယ်။

ကသာမြို့နယ် တုတ်ကြီးရွာက နေအိမ် ၃၄ ကိုမီးရှို့ဖျက်ဆီး

သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား၈ယောက်ထဲက နှစ်ယောက်ကတော့ သံပုရာကုန်းရွာသစ်ကအသက်၂၉နှစ် အရွယ် ကိုရဲမောင်မောင် ၊ သံပုရာကုန်းရွာဟောင်းက အသက်၃၇နှစ်အရွယ်ကိုဥာဏ်ထွန်းတို့ဖြစ်ပြီး ကျန်ရုပ်အလောင်းတွေကတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

အခုလိုကျေးရွာတွေကိုမစီးနင်းခင်မှာကာကွယ်ရေးတပ်ဖွဲ့တွေကရေကြောင်းအတိုင်းတက်လာတဲ့စစ်သင်္ဘော တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ တုတ်ကြီးရွာကို ဝင်ရောက်စီးနင်းပြီး ရွာသားတွေကို သတ်ဖြတ်ခဲ့တာလို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက် အခုလိုအတည်ပြုပါတယ်။

“မနေ့က မနက်၇နာရီလောက်မှာ ကသာကနေ ဆန်တက်ခဲ့တာ အဲ့တာကိုသတင်းရတော့ ကျနော်တို့လည်း တုတ်ကြီးရွာနားကနေ နေရာယူထားတာ အဲ့မှာသူတို့က အရင်ပစ်တာခေါင်းမဖော်နိုင်အောင်ကိုပစ်တာ ကျနော်တို့လည်းပြန်ပစ်တယ် သူတို့လည်း တော်တော်ထိသွားတယ် မြေပြင်မှာကလည်း အနီးကပ် တိုက်ပွဲ ဖြစ်ခဲ့တယ် ပုံမှန်ဆိုရင် ရေကြောင်းတွေကပြန်ဆန်တက်သွားပေမဲ့ အခုကတော့ တစ်ခါမှမလုပ်ဘူးတဲ့ အလုပ် လုပ်သွားတာ”လို့ပြောပါတယ်။

အဲ့ဒီ စစ်သင်္ဘောတွေဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ ဧရာဝတီမြစ် အထက်ဘက်ကို ဆက်ပြီးဆန်တက်နေပြီး ရွှေကူ အမှတ် ၂ ရွာသစ်မြစ်ကမ်းနံဘေးမှာ ကပ်ထားတဲ့ရွှေမော်တော်ယာဉ်အပါအဝင် ပြည်သူတွေရဲ့စက်လှေတွေကိုလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဗန်းမော်ဘက်ကို စစ်သားအင်အား ၃၀၀ ခန့်၊ လက်နက် ခဲယမ်းများနဲ့ ရိက္ခာတွေတင်လာတဲ့ စစ်သင်္ဘော ၉စီး ဆန်တက်ခဲ့ပါသေးတယ်။

ဒါ့အပြင် အဲ့ဒီစစ်သင်္ဘော၉စီးဟာလည်း ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကဲ မန္တလေးကိုပြန်ဆိုက်ကပ် ပြီး ၁၀ရက်လောက်အကြာမှာပဲ အခုလို စစ်သင်္ဘောတွေ အထက်ဘက်ကိုု ပြန်ဆန်တက်နေတာဖြစ်ပြီးတော့ ကချင်ပြည်နယ် ဗန်းမော်ဘက်ကိုတက်ဖို့ ဦးတည်နေတာလို့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကသုံးသပ်ကြပါတယ်။

Show More

Related Articles

Back to top button