ဖမ်းဆီးခံရမှုသတင်း

မြစ်ကြီးနားမှာ KIA အရာရှိ ၂ ဦးနဲ့ အရပ်သား ၂ ဦး ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့  ကြာရာပတ္တီးရပ်ကွက်အနီး ထီဝန်းရပ်ကွက်လမ်းဆုံမှာ KIA အုပ်ချုပ်ရေးအရာရှိ ၂ ဦးနဲ့အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ KIA နဲ့ နီးစပ်သူတွေက အတည်ပြုပြောဆိုပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့၊ ညနေ ၆ နာရီခွဲလောက်မှာ ကြာရာပတ္တီးရပ်ကွက်ကနေ ပြန်လာတဲ့ အရပ်သား ၂ ဦးကို ထီဝန်းလမ်းဆုံ မှာ စစ်တပ်က ဖမ်းဆီးလိုက်ပြီးတဲ့နောက် အဲဒီအရပ်သား ၂ ယောက်ကနေ KIA နောက်ထပ်အရာရှိ ၂ ယောက်ကို ကွင်းဆက် ဖမ်းမိသွားတာဖြစ်တယ်လို့ ပြောပါတယ်။

ဖမ်းခံသွားရတာ အရပ်သား ၂ ယောက်က KIA အုပ်ချုပ်ရေးဘက်က ၂ ယောက် ဟုတ်တယ်။ ဖြစ်ချင်တော့ အဲလူငယ် ၂ ယောက်က KIA တော့မဟုတ်ဘူး ဖမ်းခံတဲ့ထဲပါသွားတဲ့အရာရှိ တစ်ယောက်ကနေ ကြာရာပတ္တီးဘက်ကို အဖော်ခေါ်သွားတာ။ ပြန်လာတဲ့ချိန် လူငယ် ၂ ယောက်က အိမ်ပြန်တဲ့ချိန် ထီဝန်းလမ်းဆုံမှာ စစ်တပ်ကစောင့်ဖမ်းသွားတာ။ အဲကနေ ကွင်းဆက်လိုက်ပြီးတော့ KIA အရာရှိ ၂ ယောက်ကိုလည်း သူတို့နေအိမ်ကနေ ဝင်ဖမ်းသွားတာလို့ သိရတယ်” လို့ KIA နဲ့ နီးစပ်သူက ပြောပါတယ်။

ဖမ်းဆီးခံသွားရတဲ့ KIA အုပ်ချုပ်ရေးအရာရှိ ၂ ဦးရဲ့ နေအိမ်လိပ်စာအသေးစိတ်ကိုတော့ မိသားစုရဲ့လုံခြုံရေးအရ ဖော်ပြခွင့် မပေးထားပါဘူး။

ဒါ့အပြင် ဖမ်းဆီးခံသွားရတဲ့ထဲက KIA အရာရှိ နှစ်ဦးကတော့ မြစ်ကြီးနားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး လဘန်တူးမိုင်နဲ့အုပ်စုအုပ်ချုပ်ရေးမှူး မရန်လှရိန်တို့ဖြစ်ပြီး အရပ်သား ၂ ဦးရဲ့ အမည်နာမကိုတော့ အသေးစိတ်မသိရသေးပေ။

ဒေသခံတွေကပြောတာကတော့ KIA အရာရှိ ၂ ဦးဖမ်းဆီးခံရချိန် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးကျည်ထိမှန်သေဆုံးတာ ရှိတယ်ဆိုပေမယ့် KNG သတင်းဌာအနေနဲ့တော့ အတည်မပြုနိုင်သေးပါဘူး။

ကျနော်တို့လည်း ဖမ်းသွားပြီးနောက် အသေးစိတ်တော့မသိရဘူး ဆက်သွယ်လို့လည်းမရတော့ဘူးဆိုတော့သေလား ရှင်လားလည်းမသိရဘူးလို့ KIA နီးစပ်သူကဘဲ ဆက်ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်  နိုဝင်ဘာလ ၁၂ ရက်နေ့မှာလည်း  မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်က Happy KTV မှာ KIO အုပ်ချုပ်ရေးအရာရှိ ၁၃ ဦးဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့သလို ဒီနှစ် ဇွန်လ ၅ ရက်နေ့မှာလည် မြစ်ကြီးနားမြို့နယ် ဒု အုပ်ချုပ်ရေးမှူး အဒေါင်နဲ့ မလိယန်မြို့နယ် လက်အောက်ခံ ဇီးအွန်တိုက်နယ် ဒု အုပ်ချုပ်ရေးမှူး အင်ခွမ်လတို့ ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်လမှာလည်း အေးမြသာယာရပ်ကွက်နီး ရှမ်းရွာက လူငယ်တစ်ယောက်ကိုလည်း KIA PDF နဲ့ ပတ်သက်ဆက်နွယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် စစ်တပ်က ဖမ်းဆီးသွားတာလည်းရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာလ ၂၄ ရက် မနက်ပိုင်းလေတပ်စခန်းပစ်ခံရပြီးတဲ့နောက် စက်တင်ဘာလ ၂၇ ရက်နေ့မှာလည်း ကျွန်းပင်သာရပ်ကွက်မှာ စစ်ကားတစ်စီး ထပ်ပစ်ခံရပါတယ်။

အဲဒီနောက် တစ်ဆက်တည်း စစ်သားတွေဟာ အရပ်ဝတ်တွေနဲ့ ကင်းပတ်တာတွေအပြင် ရပ်ကွက်တစ်ချို့နေအိမ်တွေအထိ လိုက်လံစစ်ဆေးတာတွေ ဆက်တိုက်လုပ်နေတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button