စစ်ပြေးဒုက္ခသည်များသတင်း

ကန့်ဘလူမှာ စစ်ဘေးရှောင် အမျိုးသမီးတွေ လစဉ်သုံး ပစ္စည်းဝယ်ယူဖို့ခက်ခဲနေ

စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်မှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေအဘက်ဘက်က အခက်အခဲတွေ ကြုံတွေ့နေရပြီးတော့ အဲ့ဒီထဲက စစ်ဘေးရှောင် အမျိုးသမီးတွေ လစဥ်သုံးပစ္စည်းဝယ်ယူဖို့ခက်ခဲနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ကန့်ဘလူခရိုင် အတွင်းက စစ်ဘေးရှောင်တွေနဲ့ရွာတွေမှာနေထိုင်နေဆဲဖြစ်တဲ့ဒေသခံတွေကို

ကျန်းမာရေးစောင့်ရှောက်မှုတွေသွားပေးခဲ့ကြရာ စစ်ဘေးရှောင်တွေ အရင်နှစ်တွေထက်ပိုခက်ခဲလာတာကိုတွေ့ရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

စစ်ဘေးရှောင်တွေက ရုတ်တရက်ရွာတွေကနေထွက်ပြေးခဲ့ကြရသူတွေဆိုတော့ အသုံးအဆောင်ပစ္စည်း အားလုံးချန်ထားခဲ့ကြရတာပေါ့ အဓိကကတော့ အခြေခံစားသောက်ကုန်ပေါ့လေ တစ်ဖက်မှာ တစ်ချို့ စစ်ရှောင် အမျိုးသမီးတွေဆို လစဥ်သုံးကအစလိုနေတာတွေရှိတယ် လုံးဝပြတ်လပ်သွားတာမဟုတ်ဘူးပေါ့ အဓိကကတော့ဝယ်ယူဖို့ခက်ခဲလာတဲ့ပုံစံပေါ့ လို့ ပြောပါတယ်။

လက်ရှိအကူညီလိုအပ်နေတဲ့စစ်ဘေးရှောင်တွေထဲမှာ အများစုဟာ သက်ကြီးရွယ်အို၊ကလေးငယ် နဲ့ အမျိုးသမီးတွေ ဖြစ်ပြီးတော့ စစ်ဘေးရှောင်သက်တမ်း ၁နှစ်လောက်ကြာနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုလို စစ်ဘေးရှောင်တွေအခက်အခဲတွေ ပိုမိုကြုံတွေ့လာတာဟာ ပြည်တွင်းပြည်ပ အကူညီတွေ နည်းသွား ပြီး စစ်ဘေးရှောင်တွေအနေနဲ့လည်း အလုပ်အကိုင် အခွင့်အလမ်းလုံးဝမရှိတဲ့ပြဿနာကြောင့် အခုလို စစ်ဘေး ရှောင်တွေပိုခက်ခဲလာတာလို့ဆိုပါတယ်။

အခုလိုပိုခက်ခဲလာတာက အကူအညီတွေနည်းသွားတာပေါ့ အရင်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေ လူကယ်ပြန်တွေက တောက်လျှောက်ကူညီပေးနေပေမဲ့ အခုကတော့နည်းလာတာပေါ့လေ ကျနော်တို့အဖွဲ့ တွေလည်း အလှူငွေရရှိမှုနည်းသွားတာပေါ့ ပြီးရင် ကုန်‌ဈေးနှုန်းနဲ့လည်းဆိုင်တာပေါ့လေ အရင်က ၁၀၀ တန်က ၃၀၀ လောက်ဖြစ်သွားပြီဆိုတော့ နောက်ဆိုပိုခက်လာမယ့်အနေအထားရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ စစ်ဘေးရှောင်တွေဟာ ဘေးလွှတ်ရာတောတောင် တွေထဲရှောင်နေရတာဖြစ်ပြီး မိုးရာသီလည်းဖြစ်တဲ့အတွက် ရာသီတုပ်ကွေးဖျား နာတာတွေလည်း ကြုံနေကြရတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိအခက်အခဲကြုံနေကြရတဲ့စစ်ဘေးရှောင်တွေဟာ ကန့်ဘလူခရိုင် ပင့်သာတိုက်နယ်၊ချပ်သင်း တိုက်နယ် နဲ့ ကိုးတောင်ဘို့တိုက်နယ်ကဒေသခံတွေဖြစ်ပါတယ်။

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ကန့်ဘလူခရိုင်အတွင်းက လက်လှမ်းမှီတဲ့နေရာ တွေကိုသာ ကူညီမှုတွေပေးခဲ့တာဖြစ်ပြီး မြေပြင်မှာ စစ်ဘေးရှောင်တွေစုစုပေါင်း ၃သောင်း ဝန်းကျင်ရှိလောက် ရှိနိုင်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button