သတင်း

ဖားကန့်မှာ အခွန်ဦးစီးရုံးက အရာရှိအဆင့်ဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ မြို့နယ်အခွန် ဦးစီးဌာနရုံးက အရာရှိအဆင့်ဝန်ထမ်း အမျိုးသား ၂ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ အခွန်ရုံးနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဖားကန့်မြို့နယ် အခွန်ဦးစီးဌာနရုံးက ဒုဦးစီးမှူးတစ်ဦးနဲ့ လက်ထောက်ဦးစီးတစ်ဦးတို့ကို မနေ့က အောက်တိုဘာ ၁၀ ရက်နေ့ညပိုင်းမှာ လူတစ်စုကဖမ်းဆီးသွားတယ်လို့ ဖားကန့်အခွန်ဦးစီးရုံးနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုအတည်ပြု ပြောကြားပါတယ်။

“ဟုတ်တယ် ရုံးကိုမေးကြည့်တာ ဖမ်းသွားတာဟုတ်တယ်တဲ့ ခုထိတော့ဘာဆက်သွယ်မှမရဘူး”လို့ ပြောပါတယ်။

ဒေသခံတွေပြောဆိုချက်အရ အဲ့ဒီအခွန်ဝန် ထမ်းနှစ်ဦးဟာ မနေ့က ၃နာရီခွဲအချိန်မှာ မှော်ဝမ်းရပ်ကွက်ထဲ စျေးဝယ်ထွက်တဲ့အချိန်ဖမ်းဆီးခံရတာဖြစ်ပြီး အရပ်ဝတ်နဲ့လူတစ်စုက အိမ်စီးကား ခေါ်တင်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

လက်ရှိဖမ်းခံရတဲ့ဝန်ထမ်း အခွန်ဝန်ထမ်း ၂ဦးရဲ့အမည်နာမကိုတော့စုံစမ်းနေဆဲဖြစ်ပါတယ်။

အဲ့ဒီအမျိုးသား ၂ ဦးဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဖားကန့် PDF ဘက်က လုပ်ဆောင်တာဟုတ်မဟုတ်ကို ဖားကန့်PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး အတည်ပြုကြည့်ရာ လက်ရှိအချိန်ထိတော့ ဖမ်းဆီးထိန်းသိမ်းထားခြင်း ရှိ မရှိ သတင်းမရောက်လာသေးဘူးလို့ဆို ပါတယ်။

“လောလောဆယ်ထိတော့ ဖမ်းတာရှိ မရှိ ကျနော်မသိရသေးပါဘူး”လို့ ပြောပါတယ်။

ဖားကန့်မှာ စစ်ကောင်စီလက်အောက်ခံ ရဲ၊ မီးသတ်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးခံရမှုဖြစ်စဥ်တွေအရင်ကရှိခဲ့သလို တော်လှန်ရေးအင်အားစုနဲ့ပတ်သက်ဆက်နွယ် နေသူတွေကိုလည်း စစ်ကောင်စီဘက်က မကြာခနဖမ်းဆီးတာမျိုးရှိနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ၁၄ ရက်နေ့မှာလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ မြို့နယ်အခွန်ဦးစီးဌာနက ဒုဦးစီးမှူး အောင်ကိုနဲ့အထူးစုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားပြီးနောက် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ဒုဦးစီးမှူးအောင်ကို ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button