စစ်ပြေးဒုက္ခသည်များသတင်း

နမ့်တောင်းကျေးရွာနဲ့ ဖာဖစ်ကျေးရွာချင်းဆက်လမ်းမှာ မိုင်းနင်းမိသူ ၃ ဦးအထိရှိလာ

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာနဲ့ ဖာဖစ်ကျေးရွာချင်းဆက်လမ်းကို စစ်တပ်ဖြတ်တောက်ထားပြီး မိုင်းထောင်ထားတာကြောင့် မိုင်းနင်းမိတဲ့ ဒေသခံ ၃ ဦးထိရှိလာပြီဖြစ်တယ်လို့ နမ့်တောင်းကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၁၀ ရက် ညနေပိုင်း ၂ နာရီလောက်မှာ ဖာဖစ်ကျေးရွာဒေသခံအမျိုးသားတစ်ဦး  နမ့်တောင်းကနေ ဖာဖစ်ရွာနေအိမ်ကို ခြေကျင်နဲ့ ပြန်လာချိန် စစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တာလို့ နမ့်တောင်းဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဘက်က လမ်းတူးဖော် ဖြတ်တောက်ထားတဲ့နေရာမှာ မိုင်းထောင်ထားခဲ့တာပေါ့။ ဆိုတော့ ပြည်သူတွေက မသိလို့ သွားလာမိတာ ကျနော်တို့ သိသလောက်ဆို မိုင်းနင်းမိတာ ၃ ယောက်ရှိပြီ။ မနေ့ကလည်း နောက်တစ်ယောက် ပြန်ပြီးမိုင်းနင်းမိတယ်။ မနေ့ကတစ်ယောက်က သူ့သူငယ်ချင်းနဲ့ အိမ်ကိုပြန်လာတဲ့အချိန် သူ့သူငယ်ချင်းကရှေ့ကနေ အရင်သွားလိုက်တာ သူနောက်ကနေ ပြန်လိုက်လာချိန် မိုင်းနင်းမိသွားတာ။ အခုတော့ မူဆယ်ဆေးရုံကို ပို့ထားလိုက်ပြီ။” လို့ နမ့်တောင်းကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ 

မိုင်းနင်းမိသူ အမျိုးသားဟာ ဖာဖစ်ကျေးရွာက အသက် ၃၀ ကျော်အရွယ် ဦးလရှီးလ ဆိုသူဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်ဟာ နမ့်တောင်းနဲ့ ဖာဖစ်ကျေးရွာ ဆက်သွယ်ထားတဲ့ လမ်းပိုင်းတစ်နေရာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က ဘတ်ဖောနဲ့ထိုးဖောက်ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။  

အဲ့ဒီစစ်တပ်ဖြတ်တောက်ထားတဲ့လမ်းနေရာကို တအာင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ TNLA ဘက်မှ ပြန်လည်ပြုပြင်မြေဖို့ခဲ့ပေမယ့် ၂ ရက်အကြာ ဩဂုတ် ၂၇ ရက်နေ့မှာတော့ စစ်တပ်ဘက်ကထပ်ပြီး လမ်းဖောက်ဘဒူဇာ စက်ကြီးနဲ့ဒုတိယအကြိမ် ပိုနက်အောင် ပြန်လည်တူးဖောက်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

စစ်တပ်ဘက်က ပထမအကြိမ် လမ်းတူးဖောက်ဖြတ်တောက်ချိန် မိုင်းထောင်တာမရှိခဲ့ပေမဲ့ ဒုတိယအကြိမ်လာရောက် တူးဖော်ဖြတ်တောက်ချိန်မှာတော့ မိုင်းလည်းတစ်ခါတည် မြုပ်နှံထားခဲ့တာဖြစ်တယ်ဆိုပြီး ဒေသခံတွေပြောပါတယ်။

စစ်တပ်မိုင်းထောင်ပြီး ၂ ရက်အကြာ ဩဂုတ် ၃၀ ရက်နေ့မှာပဲ ၁၀၅ မိုင်က သဲကျောက်သယ်တဲ့ကားသမားတစ်ဦး အဲ့ဒီလမ်းပိုင်းကနေ ဖြတ်လာစဉ် လမ်းပျက်နေတာကြောင့် ကားကနေဆင်းကြည့်ပြီး သွားကြည့်ရာမှာ မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာလဆန်းမှာလည်း ပန်ဆိုင်းဘက်က တရုတ်အမျိုးသားတစ်ဦး တောင်ယာအခင်းကနေပြန်လာချိန် အဲ့ဒီလမ်းပိုင်းကနေပဲ ဖြတ်သွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က လမ်းတူးဖော်ဖြတ်တောက်ပြီး မြေကြီးပုံတစ်ဖက်တစ်ချက် နှစ်ဖက်လုံး မိုင်းထောင် မြုပ်နှံထားတာဖြစ်တာကြောင့် လမ်းသွားလမ်းလာဒေသခံပြည်သူတွေ မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေ မကြခနဖြစ်နေတာလည်းဖြစ်ပါတယ်။

ဖာဖစ်ကျေးရွာနဲ့ နမ့်တောင်းကျေးရွာဟာ ၂ မိုင်လောက်သာကွာဝေးပေမဲ့ စစ်တပ်လမ်းဖြတ်တောက်ပေးလိုက်တာကြောင့် အခုချိန် တစ်ရွာနဲ့တစ်ရွာ သွားလာမယ်ဆိုရင် ၁၀ မိုင်လောက်ဝေးတဲ့ လမ်းဘက်ကနေ ကွေ့ဝိုက်ပြီး သွားလာနေရတယ်လို့ သိရပါတယ်။

ဒါကြောင့် အဲ့ဒီဒေသက ကျေးရွာပြည်သူများ တစ်ရွာနဲ့တစ်ရွာ စျေးရောင်းဝယ်ရေး၊ လုပ်ငန်းခွင်သွားလာရေးနဲ့ လုပ်ကိုင်စားသောက်ရေးအတွက် လမ်းသွားလမ်းလာ အင်မတန်အခက်ကြုံနေတယ်လို့ အခုလိုဆက်ပြောပါတယ်။

ဖာဖစ်ရွာသားတွေက နမ့်တောင်းရွာဘက်ကနေပဲ စျေးသွားလာသွား၊ မူဆယ်၊ ပန်ဆိုင်း ဘယ်ဘက်ကို သွားလည်း ဒီလမ်းကနေပဲသွားတယ်။ ရွာငယ်ဆိုတော့ ဘာပဲလိုလို နမ့်တောင်းဘက်ကနေပဲ တန်းသွားလာလုပ်ဆောင်နေတာဖြစ်တယ်။ နမ့်တောင်းနဲ့လည်း အသင်းတော်ပေါင်းစည်းတယ်ဆိုတော့ နေ့တိုင်း မပျက်သွားသွားလာလာ လုပ်နေတဲ့လမ်းဖြစ်တယ်။ အခုက ဖာဖစ်ကနေ နမ့်တောင်းဘက်သွားမယ်ဆို ၁၀ မိုင်လောက်ဝေးတဲ့ လမ်းပိုင်းကနေ ကွေ့ဝိုက်ပြီး သွားနေရတယ်။ အခုသွားနေတဲ့လမ်းက အရမ်းဝေးတယ်လေ ပြီးရင် လမ်းလည်းမကောင်းဘူး မိုးရွာသီဆိုတော့ ရွံ့ဗွက်တွေနဲ့ ခက်လည်းအဲ့လမ်းကနေပဲ သည်းခံသွားနေရတာပေါ့။အခုစစ်တပ်က ဘာရည်ရွယ်ချက်နဲ့ ဖြတ်တော်တာလည်းတော့မသိဘူး။လို့ နမ့်တောင်းကျေးရွာဒေသခံက ပြောပါတယ်။

စစ်တပ်ဘက်က လမ်းဖြတ်တောက်ထားတာကြောင့် ဒေသခံတွေ သွားလာရေးအခက်အခဲကြုံနေရတဲ့အပြင် မိုင်းပါထောင်ထားတာကြောင့် သွားလာမိတဲ့ပြည်သူတွေ မိုင်းနင်းမိဒဏ်ရာရရှိတဲ့ဖြစ်စဉ်တွေပါ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒါကြောင့် အဲ့ဒီဒေသက ကျေးရွာလူကြီးတွေနဲ့ ဒေသခံတွေအနေနဲ့ စစ်တပ်ဖြတ်တောက်ထားတဲ့လမ်းပိုင်း ပြန်လည်သွားလာလို့ရနိုင်အောင် သက်ဆိုင်ရာတွေထံ တောင်းဆိုဆွေးနွေးနိုင်ဖို့ ကြိုးစားနေကြတယ်လို့လည်း ဆက်လက်သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ရှမ်းမြောက် ကွတ်ခိုင်မူဆယ် လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား တိုက်ပွဲစတင်ပြင်းထန်လာခဲ့ပြီးနောက် စစ်တပ်ဘက်က လမ်းဖြတ်တောက်ပြီး မိုင်းထောင်တာတွေကြောင့် ဒေသခံတွေ မိုင်းနင်းမိနေတဲ့ဖြစ်စဉ် ကြုံတွေ့နေကြရဆဲဖြစ်ပါတယ်။

ပုံစာမိုင်းနင်းမိတဲ့ ဦးလရှီးလ ( ပုံကို အဖြူ၊အမဲကာလာချိန်းပြီးတင်ပေးပါ)

Show More

Related Articles

Back to top button