သတင်း

ခင်ဦးမှာ ဒေသခံ ၂ယောက်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကန်သာယာရွာမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း ဒေသခံ ၂ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ ရေဦးမြို့နယ်ကနေ ထွက်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းက ခင်ဦးမြို့နယ် ကန်သာယာရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

သူတို့က ပစ်ရင်းခတ်ရင်း ကျည်မှန်တယ်လို့ပြောတယ် သတ်ခံရသူအမျိုးသမီးရဲ့ နားရွက်ကိုဖြတ်ပြီး နားကပ် ဖြုတ်ယူသွားတယ်လို့ပြောတယ် အဲ့အမျိုး သမီးရဲ့ ဝမ်းကွဲမောင်နှမတော်စပ်သူ အမျိုးသားလည်း ပစ်သတ် ခံထားရတယ်လို့ပြောပါတယ်။

သတ်ဖြတ်ခံရသူအမျိုးသမီးဟာ အဓမ္မပြုကျင့်ခံထားရဖွယ်ရှိတယ်လို့ ဒေသခံတွေကပြောနေပြီးတော့ အဲ့ဒီအမျိုးသမီးရဲ့ အမျိုးသားဖြစ်သူကိုလည်း စစ်ကြောင်းနဲ့အတူဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ဒေါ်ညိုဆိုသူ နဲ့ သူနဲ့ မောင်နှမဝမ်းကွဲတော်စပ်သူ ကိုဖိုးခိုင်တို့ဖြစ်ပြီး မောင်နှမ ဝမ်းကွဲတော်စပ်သူတွေဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီမိန်းကလေးရဲ့ ကလေး၂ယောက်လည်းကျန်နေခဲ့တယ် သူတို့ကိုတော့ဘာမှလုပ်မသွားဘူး အငယ်လေး ဆို နို့တောင်မပြတ်သေးဘူးပြောတယ် နောက်မိန်းကလေးကတော့ ၇နှစ်အရွယ်လောက်ရှိပြီလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေကတော့ ခလရ၇၁၊ ခမရ၇၀၂ နဲ့ ခမရ၇၀၈ တို့ဖြစ်ပြီး ဘီလူးစစ်ကြောင်း ဆိုပြီးနာမည်ထွက်နေတဲ့ တပ်ဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။

ကန်သာယာကျေးရွာဟာ ခင်ဦးမြို့နယ် အနောက်မြောက်ဘက်ခြမ်း ခင်ဦးမြို့နဲ့ ၁မိုင်လောက်အကွာက အိမ်ခြေ၄၀၀လောက်ရှိတဲ့ကျေးရွာကြီးတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဝင်လာလို့ ခင်ဦးမြို့နယ်ထဲက ဒေသခံ ထောင်နဲ့ချီဟာလည်း ဘေးလွှတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒီတစ်ပတ်အတွင်းမှာလည်း မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲအခြေနေတွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က အောက်တိုဘာ၁၂ရက်နေ့ ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button