သတင်း

ကောလင်းမှာ သားအဖ ၂ ယောက် မိုင်းထိလို့ ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်က စက်ရုံလယ်ပြင်ရပ်ကွက်မှာ ဒေသခံသားအဖ ၂ ယောက်မိုင်းထိပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကောလင်းဒေသခံ တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်း ၅နာရီလောက်မှာ ဆိုင်ကယ် နဲ့ နေအိမ်ကိုပြန်လာတဲ့အချိန် မိုင်းပေါက်ကွဲခဲ့တာလို့ ကောလင်းဒေသခံ အမျိုးသားတစ်ယောက်ကပြောပါတယ်။

သားအဖနှစ်ယောက်လို့ပြောတယ် မြို့ပေါ်ကနေပြန်လာတာတဲ့ ဆိုင်ကယ်နဲ့လို့ပြောတယ် အပြန်လမ်းမှာပေါ့ အဲ့တာ မိုင်းက ကွဲပြီး အဲ့လို ဒဏ်ရာရရှိခဲ့တာလို့သိရတယ်လို့ပြောပါတယ်။

မိုင်းထိမှန် ဒဏ်ရာရရှိခဲ့သူတွေဟာ စက်ရုံလယ်ပြင်ရပ်ကွက်က ဦးကျော်စိုးဦး ၃၃နှစ် နဲ့ အသက် ၆ နှစ်အရွယ် သားဖြစ်သူတို့ဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံလယ်ပြင်ရပ်ကွက်ဟာ ကောလင်းမြို့နယ်ရဲ့တောင်ဘက်ခြမ်း ကောလင်းမြို့ နဲ့ ကပ်လျှက်မှာရှိတဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ကောလင်းခရိုင်တပ်ရင်း ၁ က တာဝန်ရှိသူတစ်ယောကကတော့ဒီလိုဖြစ်စဥ်မျိုးတွေတော့ အရင်ကမရှိဖူးဘူး အရင်ကဖြစ်တာကလည်း စကစတွေကို မိုင်းထောင်ဆွဲရင်း ပြည်သူကြားညှပ်ပြီး ထိတာမျိုးတော့ရှိဖူးပါတယ် ဒါမျိုးအလွတ်ကြီးကွဲတာတော့မရှိဖူးပါဘူး” လို့ပြောပါတယ်။

ပေါက်ကွဲခဲ့တဲ့ မိုင်းဟာ ကာကွယ်ရေးတပ်တွေဘက်က ထောင်ထားတာမဟုတ်ဘူးလို့ ကာကွယ်ရေးတပ် ဘက်ကဆိုပေမဲ့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။

လက်ရှိ ကောလင်းမြို့ပေါ်မှာတော့ မနေ့က အောက်တိုဘာ ၁၁ ရက်နေ့က ဝင်လာတဲ့ ခမရ၃၆၉ တပ်ရင်း စစ်ကြောင်းတစ်ကြောင်း နဲ့ မြို့ပေါ်အထိုင်တပ်စစ်ကြောင်းတို့ တပ်စွဲအထိုင်ချထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကောလင်းမြို့ရဲ့ အရှေ့ခြမ်း၊ အနောက်ခြမ်း နဲ့ နေရာတော်တော်များများကို ကာကွယ်ရေးတပ်ဖွဲ့ တွေက စိုးမိုးထားနိုင်သလို မြို့နယ်ရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကပဲ ဆောင်ရွက်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ကောလင်းမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်ပွားတာမရှိပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ရက်နေ့က တော့ ဝန်းသိုမြို့ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကောလင်းမြို့ ကားကွင်းကြီးနားမှာ ကာကွယ် ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၅ယောက်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button