သတင်း

ဒိန်ဂါရွာက နေအိမ်တစ်ချို့ မီးရှို့ဖျက်ဆီး

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လုံဂျုံယန်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ဒိန်ဂါရွာကိုလည်း ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ ဒေါ့ဖုန်းယန်ကနေထွက်ခွာလာတဲ့ စစ်ကြောင်းတွေဟာ ဒိန်ဂါရွာထဲကို မနက် ၈ နာရီလောက်မှာဝင်ရောက်လာပြီး ကျေးရွာနေအိမ်တွေ နဲ့ အဆောက်အအုံတစ်ချို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးကအခုလို ပြောပါတယ်။

လုံဂျုံယန်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းတွေပဲ ဒိန်ဂါရွာကို ထပ်မံဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာဟုတ်တယ်။ မနက် နာရီကနေ စတင်ပြီး မီးရှို့တယ်။ အိမ်ဘယ်နှအိမ် မီးလောင်သွားတယ်ဆိုတာတော့ ဘယ်သူမှ အတိအကျ မသိနိုင်ဘူး။ ဒိန်ဂါဘက် သယ်သူမှလည်း သွားလို့မရဘူး လို့ ဒေါ့ဖုန်းယန်က စစ်ရှောင်ကူညီနေသူတစ်ဦးကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေဟာ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်က ဗန်းမော်ကနေ ဒေါ့ဖုန်းယန်ကို ဝင်ရောက်ဖို့စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဖြစ်ပြီး ဒေါ့ဖုန်းယန်မရောက်ခင် လုံဂျုံယန်ကျေးရွာက နေအိမ် ၁၁ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ လုံဂျုံယန်ရွာက နေအိမ် ၁၁ အိမ်ကို မီးရှို့ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ဒေါ့ဖုန်းယန် ခလရ ၁၄၂ စစ်တပ်ထဲ ဝင်ရောက်သွားခဲ့ရာကနေ အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ ဒေါ့ဖုန်းယန်ကနေ ဆက်လက်ချီတက်လာခဲ့ရာ အောက်တိုဘာလ ၁၅ ရက်နေ့မနက်မှာတော့ ဒိန်ဂါရွာထဲက ဝင်ရောက်လာပြီး ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

နေအိမ်ဘယ်လောက်ထိ မီးရှို့လိုက်တယ်ဆိုတာတော့ ဒိန်ဂါရွာဘက်သို့ သွားလာလို့မရတာကြောင့် အတိအကျ သိရဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။

အိမ်ခြေ ၁၈ အိမ်လောက်ရှိတဲ့ ဒိန်ဂါရွာ ဒေသခံပြည်သူတွေကတော့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက တိုက်ပွဲစတင်ပြင်းထန်လာတာကြောင့်ဒေါ့ဖုန်းယန်ထဲကို စစ်ရှောင်နေတာဖြစ်ပါတယ်။

ဒိန်ဂါမှာ ရွာသားတွေတော့ တစ်ယောက်မှ မရှိတော့ဘူးပေ့ါ။ ဒါပေမဲ့ ဒီကြားထဲ အခင်းတွေ သွားလုပ်တာ၊ သွားကြည့်တာတွေပဲ လုပ်နေတာဟုတ်တယ်။တိုက်ပွဲ ပြန်ပြင်းထန်လာတာကြောင့် အားလုံးဒေါ့ဖုန်းယန်ထဲ စစ်ရှောင်နေချိန် ရွာမီးရှို့ခံရတာပေါ့။ ဒိန်ဂါရွာခံတွေကလည်း ရွာမီးရှို့ခံရတယ်ကြားတော့ သူ့အိမ်၊ ကိုယ့်အိမ် ပါသွားပြီလား ဘယ်လိုလဲ ရင်တဒိတ်ဒိတ်နဲ့ သိချင်နေကြတဲ့သူတွေချည်းပဲ။ ဒါပေမဲ့ အခြေအနေက အဲ့ဘက်ဘယ်သူမှ သွားလို့မရဘူးဖြစ်နေတယ်လို့ဒေါ့ဖုန်းယန်က စစ်ရှောင်ကူညီနေသူတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိ ဗန်းမော် – ဒေါ့ဖုန်းယန်– နမ်ဆန်ယန်ကြားရှိ ကချင်ရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ တပ်မ ၈၈ လက်အောက်ခံ ခမရ ၇၇ တွေဖြစ်ကြောင်း ဆက်လက်သိရပါတယ်။

စစ်တပ်ဘက်က စစ်ရိက္ခာတွေသယ်ဆောင်ကာ စစ်ကြောင်းချီတက်လာချိန် ဒေါ့ဖုန်းယန်မရောက်ခင် လမ်းပိုင်းနေရာတချို့နဲ့ ဒေါ့ဖုန်းယန်အကျော် ဒိန်ဂါနဲ့ ခလားကြား KIA တပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှု ခံရတာကြောင့် အထိနာပြီး ကျေးရွာပြည်သူနေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေပြောပါတယ်။

လုဒင့်

Show More

Related Articles

Back to top button