သတင်း

ဖမ်းဆီးခံထားရတဲ့ ဖရဲဒေသခံအမျိုးသမီး ၂၅ ဦးပြန်လည်လွတ်မြောက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ  နယ်မြေ ပန်ဝါဒေသ ဖရဲကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ငန်းကို သွားရောက် ကန့်ကွက်တဲ့ဒေသခံ အမျိုးသမီး ၂၅ ဦးကို KIA တပ်ရင်း ၃၃ က ဖမ်းဆီးချူပ်နှောင်ထားပြီးနောက် ဒီကနေ့ နေ့လည်ပိုင်းမှာ ပြန်လွတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

KIA တပ်မဟာ ၇ တပ်ရင်း ၃၃ နယ်မြေ ပန်ဝါဒေသ ဖရဲကျေးရွာမှာ အောက်တိုဘာ ၂၃ ရက်နေ့ မနေ့က နေ့လည်  ၂ နာရီခန့်အချိန် ဖရဲအောက်ကျေးရွာဘက် မြေရှားသတ္တု(Rare Earth)တူးဖော်နေတဲ့ KIA တာဝန်ရှိတွေကို ဒေသခံအမျိုးသမီး မိခင်တွေ သွားရောက်ပြောဆို ကန့်ကွက်တဲ့ချိန် ဖမ်းဆီးခံလိုက်ရပြီးနောက် ဒီနေ့ အောက်တိုဘာ ၂၄ ရက်နေ့ ၁၂ နာရီခွဲမှာ ပြန်လွတ်လိုက်ပြီဟု ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနကို အခုလို ပြောပါတယ်။

မနေ့က နာရီလောက်မှာ သွားပြောတာ။ နာရီ မိနစ်လောက်မှာ ခေါ်သွားတယ်။ ရွာက မိခင်တွေက ရွာသားတွေ လုပ်ကိုင်စားသောက်နေတဲ့နေရာမှာ မလုပ်ဖို့ ပြန်သွားပြောရာမှ တစ်ခါတည်းဖမ်းပြီး အချူပ်ထဲ ထည့်လိုက်ထားလိုက်တာဟုတ်တယ်။ခဏကပဲ၊ ခဏကပဲ ပြန်လွတ်ပေးလိုက်ပြီ၊ ခဏက နေ့လည် ၁၂ နာရီခွဲလောက်မှာ ပြန်လွတ်ပေးလိုက်တာဖြစ်တယ် ” လို့ ဖရဲဒေသခံတစ်ဦးက ပြောပါတယ်။

ဖရဲကျေးရွာထဲက ဒေသခံတွေရဲ့ လယ်ယာမြေ၊ ခြံမြေထဲထိ KIA အစိုးရအခွင့်နဲ့ တရုတ်ကုမ္မဏီတွေ မြေရှားသတ္တုတူးဖော်လာတာကြောင့် ဒေသခံတွေဘက်က ဆက်တိုက် ကန့်ကွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ကန့်ကွက်နေရာမှ  သက်ဆိုင်ရာ KIA အစိုးရ နဲ့ ဒေသခံတွေက ရွာထဲ ဒေသခံတွေ လုပ်ကိုင်စားသောက်ရာနေရာမှာ မြေရှားမတူးဖို့ နှစ်ဖက်ကြား ပြောဆိုညှိနှိုင်း ပြေလည်ထားပြီဖြစ်ပေမဲ့ ဒီရက်ပိုင်း ရွာသားတွေရဲ့ လုပ်ကိုင်စားသောက်ရာနေရာမှာ မြေရှားတူးဖော်လာတာကြောင့် ရွာက မိခင် ၂၅ ယောက် သွားပြောကန့်ကွက်တဲ့အချိန် ဖမ်းဆီးချူပ်နှောင်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပန်ဝါဒေသ KIO အရာရှိတစ်ဦးကတော့ကျနော်တို့ အစိုးရတွေအနေနဲ့လည်း သူတို့ရွာသားတွေကို အားလုံး ရှင်းလင်းပြောထားပြီးသားဟုတ်တယ်။ နားလည်အောင် ရှင်းပြသားပြီးသားကိစ္စဟုတ်တယ်။ အဲ့ဒီက ဝင်ငွေတွေ ဘယ်လိုနေရာမှာ သုံးမယ် ဘယ်လိုလုပ်မယ်ဆိုတာလည်း ပြောပြထားပြီးသားဟုတ်တယ်။ ရွာသားတွေလည်း သိပ်နားမလည်ပုံပဲ။ အဲ့ လိုတစ်ခါခါဆို အုံကြွလာတာကြောင့် မနေ့က ဖြစ်သွားတာကလည်း ဖမ်းဆီးချုပ်နှောင်လိုက်တာတော့မဟုတ်ဘူး။ ဒီတိုင် သူတို့ မအုံကြွလာအောင် ယာယီထိန်းသိမ်းထားလိုက်တဲ့သဘောပဲဟုတ်တယ်။”  လို့ ပြောဆိုပါတယ်။

KIO ထိန်းချုပ်နယ်မြေ ဖရဲဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး မြေရှားသတ္တု စတင်တူးဖော်လာတဲ့အချိန်က ဒေသခံပြည်သူတွေကို နှစ်နာအခကြေးငွေ ပေးမယ်ဆိုပြီး ပြောဆိုထားတာလည်း ရှိတယ်လို့ ဒေသခံတွေဘက်က ဆိုပါတယ်။

အဲ့ဒီနောက် ကုမ္မဏီတွေဘက်က ဖရဲကျေးရွာ အပြင်ဘက် တောင်တန်းပတ်ဝန်းကျင်တွေမှာ အရင်တူးဖော်လာပြီးနောက် ဒီနှစ်မိုးတွင်းကစပြီး ဒေသခံပြည်သူတွေနဲ့ အနီးကပ် ကျေးရွာအထဲထိ တူးဖော်လာတာလို့ ဆိုပါတယ်။

အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ဧပြီလကစပြီး မြေရှားသတ္တုကနေ ဘေးထွက်ဆိုးကျိုး ခံစားရမှာ စိုးရိမ်တဲ့ ကျေးရွာဒေသခံတွေက ကျေးရွာထဲထိ မြေရှားမတူးဖို့ သက်ဆိုင်ရာ KIA/KIO အစိုးရထံ ဆန္ဒပြခြင်းဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း အကြိမ်ကြိမ် ကန့်ကွက်နေခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ကန့်ကွက်တာက ဟိုဒီမိုးတွင်းတလျှောက် ကန့်ကွက်နေတာဟုတ်တယ်။ အခုလည်း ကန့်ကွက်ဆဲဟုတ်တယ်။ ရွာသားတွေက စိုးရိမ်နေတယ်လေ။ အဲ့ဒါကြောင့် တူးဖော်မယ်ဆိုလည်း ဟိုရွာနဲ့ အလှမ်းဝေးတဲ့နေရာမှာ တူးရင်တော့ ဘာမှမပြောဘူးပေါ့။ ဟိုရှေ့တခေါက်က အရမ်းကန့်ကွက်လို့ နှစ်ဖက်ညှိနှိုင်းပြီး သေချာပြေလည်ထားပြီ။ ဒါပေမဲ့အခု ရွာထဲထိ ပြန်တူးလာတာပေါ့။ အဲ့ဒါကြောင့် အခုလိုဖြစ်သွားတာပေါ့။ ဟု ဖရဲဒေသခံအမျိုးသားကပြောပါတယ်။

ဖရဲဒေသမှာ အထက်ဖရဲရွာနဲ့ အောက်ဖရဲရွာဆိုပြီး ၂ ခုရှိပါတယ်။ အဲ့ဒီထဲက အခုလိုမြေရှားတူးဖော်ဝင်လာတာတော့ ဖရဲအောက်ရွာ အိမ်ခြေ ၅၀ ရှိတဲ့ ကျေးရွာက ဖြစ်ကြောင်း သိရပါတယ်။

ဒီဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစပြီး KIA အစိုးရ ခွင့်ပြုမိန့်နဲ့ တရုတ်ကုမ္မဏီတွေရဲ့ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေ စတင်ရောက်လာကာ ၂ နှစ်ကျော်ကာလ အတွင်း မြေနေရာ၊တောင်တန်းတော်တော်များများ တူးဖော်ကုန်ပြီလို့ ဒေသခံတွေ ပြောနေပါတယ်။

မြေရှားသတ္တုတူးဖော်ရာမှာ သုံးတဲ့ ဓာတုအက်စစ်ဆေးတစ်မျိုးဟာ ပြင်းတဲ့သတ္တုဓါတ်ရှိတာကြောင့် ဘေးပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေလွယ်ပြီး နေ့စဉ်လူနေမှုဘ၀ကို အနှေးအမြန် ထိခိုက်ပျက်စီးစေကြောင်း စူးစမ်းရှာဖွေသူများရဲ့ လေ့လာဖော်ပြချက်အရ သိရပါတယ်။

ဒါကြောင့် သဘာ၀ပတ်ဝန်းကျင် ရေ၊လေ ထိခိုက်ပျက်စီးပြီး နေ့စဉ်လူနေမှုဘ၀ကို ထိခိုက်လာမှာ စိုးရိမ်တဲ့ ဒေသခံပြည်သူတွေဟာ ကျေးရွာအနီးတဝိုက် ( သို့) ကျေးရွာထဲထိ မြေရှားသတ္တုတူးဖော်လာတာကို အပြင်းအထန် ကန့်ကွက်ကြတာဖြစ်ပါတယ်။

KIO ထိန်းချုပ်နယ်မြေ အင်ဘာပါဒေသက မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းကို ဒေသခံပြည်သူတွေ အားသွန်ခွန်စိုက် အကြိမ်ကြိမ်ကန့်ကွက် ဆန္ဒပြခဲ့ကြတာကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာပဲ KIO အစိုးရက အင်ဘာပါဒေသ ဒိန်ဆင်းပါကျေးရွာက မြေရှားသတ္တုတူးဖော်ရေး စီးမံကိန်းကို အပြီးပိုင် ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။  

ဒါပေမယ့် စစ်ကောင်စီလက်အောက် နယ်ခြားစောင့်တပ်နဲ့ ဦးဇခုန်တိန်းယိန်းပြည်သူ့စစ်တွေ ထိန်းချုပ်ရာနယ်မြေ ပန်ဝါအရှေ့ဘက်ခြမ်းနဲ့ ချီဖွေဒေသတွေမှာတော့ ကန့်ကွက်နိုင်သူမရှိ အာဏာသိမ်းပြီးနောက် မြေရှားသတ္တုတူးဖော်နေတာ ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံတွေ ပြောပါတယ်။  

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button