သတင်း

ကားမိုင်း ပြည်သူ့စစ်ဂိတ် ၂ နေရာမှာ ကားသမားတွေဆီက ခြိမ်းခြောက်ငွေတောင်းခံနေ

ဖားကန့်သွားလမ်းမပေါ်မှာရှိတဲ့ ကားမိုင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေက ဂိတ်နေရာတွေ ထပ်တိုးချဲ့ထားပြီး ကားသမားတွေကို ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့် ကားသမားများ  သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ကားမိုင်းမြို့ ကောင်ရာရပ်ကွက်မှာရှိတဲ့ စာသင်ကျောင်းအနီး ရွာခန်းမဆောင်နဲ့ ကားမိုင်းမြို့အဝင် အရင်စုပေါင်းဂိတ် စတဲ့ ၂ နေရာမှာ ပြီးခဲ့ ဩဂုတ်လ လောက်ကနေ ဂိတ်စခန်းအသစ်တွေ ထပ်မံတိုးချဲ့ထားပြီး ငွေကြေးကောက်ခံနေတာလို့ ကားသမားတွေကပြောပါတယ်။

မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း ဘက်နေ တက်လာတဲ့ ကုန်တင်ကားတွေကို တားမြစ်ပြီး ငွေကြေးအတင်းအဓ္ဓမတောင်းယူတဲ့အပြင် ရပ်မပေးတဲ့ကုန်ကားတွေကိုလည်း ကား၊ ဆိုင်ကယ်နဲ့လိုက်ပြီး ခြိမ်းခြောက်တောင်းခံတာတွေလုပ်နေတယ်လို့ ဖားကန့်ဘက်ကို မောင်းနှင်နေတဲ့ ကုန်းကားသမားတစ်ယောက်က KNG ကိုပြောပြပါတယ်။

ဖားကန့်လမ်းဘက်မှာက သွားရေးလာရေးဆို အဆိုးဆုံးက ကားမိုင်းပေါ့။ အဲ့က ပြည်သူ့စစ်အဖွဲ့တွေက အရမ်းသောင်းကျန်တော့ အခက်အခဲလေးတွေရှိတယ်။ သူတို့ရပ်ခိုင်းလို့မရပ်ရင် ကားနဲ့လိုက်တယ် ဆိုင်ကယ်နဲ့လိုက်တယ်။ ပြီးရင် ပါတဲ့ပစ္စည်းပေါ်ကြည့်ပြီးလိုက်တောင်းတယ်။ သူတို့ရဲ့ ပုံစံက ဆန်၊ စက်သုံးဆီတွေက ဖားကန့်ဘက်ကို အသယ်မခံဘူးပြောပြီးတော့ ငွေညစ်တောင်းတာလို့ ပြောပါတယ်။

လက်ရှိ ပြည်သူ့စစ်ဂိတ်အထိုင်ချထားတဲ့ ကားမိုင်းမြို့အဝင်ဂိတ်နေရာကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ လောက်မှာ ကချင်လွတ်လပ်ရေးတပ် မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း စစ်တပ်ဂိတ်မရှိတော့ပေမယ့် စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေဟာ ဩဂုတ်လနောက်ပိုင်း ဂိတ်နေရာဟောင်းမှာဘဲ ထပ်ပြီးဂိတ်ချထားပြီဖြစ်ပါတယ်။

အဲဒီ ကားမိုင်းထွက်စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်ဂိတ်မရှိသေးတဲ့အချိန်မှာ ပြည်သူ့စစ်အဖွဲ့တွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ကားမိုင်း သင်္ချိုင်းကုန်းနဲ့ ဖားကန့်ကားလမ်းမတစ်လျှောက်မှာ ရှောင်တခင်စနစ်နဲ့ ကားသမားတွေဆီက ငွေကြေးတောင်းခံတာတွေရှိခဲ့ပြီး အခုဂိတ်စခန်းချလိုက်တဲ့နောက်ပိုင်း ကားသမားတွေဆီက ငွေညစ်တောင်းခံမှုပိုမိုဆိုးရွားလာတယ်လို့ ကားသမားတွေကပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေဟာ ဂိတ်စခန်းတစ်နေရာမှာ စစ်အင်အား ၂၀ ဝန်းကျင်လောက်ရှိပြီး နန့်ယား၊ ကားမိုင်း စစ်တပ်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းနေထိုင်တာတွေရှိပြီး ကားသမားတွေဆီက ငွေကြေးကောက်ခံနေတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့က လုံခြုံရေးအကြောင်းပြပြီးတော့ လုပ်နေကြတာပဲ။ ဒါပေမယ့် အခုလို ခြိမ်းခြောက်ပြီး ငွေညစ်တောင်းတာ တွေက မကောင်းဘူးလေ။ အရင်တုန်းကနဲ့ နှိုင်းယှဉ်ကြည့်ရင်က အဲ့လောက်တောင်းတာတွေလည်း မရှိဘူး။ အခုကတော့ မပေးရင်မသွားနဲ့ ပြန်လှည့်ခဲ့ဆိုတဲ့သဘောနဲ့ လုပ်နေတာ။ အဲ့ကြောင့် ကားသမားတိုင်းက သူတို့ တောင်းသလောက်ပေးနေရတာပဲ။ ဘယ်လောက်ထိဆိုးလဲဆိုရင် ကျနော်တို့ရဲ့ လုံခြုံရေးအထိပါ စိုးရိမ်လာရတယ်လို့ ပြောပါတယ်။

ကားမိုင်းပြည်သူ့စစ်ဂိတ်နေရာမှာ ကားသမားတွေဖြတ်လာတိုင်း ငွေကြေးကောက်ခံတဲ့အခါမှာ ဆန်တစ်အိတ် ၅ ထောင်အထက်၊ စက်သုံးဆီတစ်ပေပါ ၂ သောင်းခွဲလောက်အထိ ပေးဆောင်နေရပြီး ကားသမားတွေရဲ့ ပြောဆိုချက်အရ အဆိုးဆုံးက စက်အပိုပစ္စည်းများပါရင် အနည်းဆုံး ၂ သိန်း နဲ့  သိန်းကြားမှာ ပေးဆောင်ရတယ်လို့ ဆက်ပြောပြပါတယ်။

ဖားကန့်သွားလမ်းမှာ ငွေကြေးကောက်ခံဂိတ်နေရာမှာ ကားပြည်သူ့စစ်ဂိတ်နေရာတွေဘဲမဟုတ်ဘဲ နန့်ယားစစ်တပ်ဂိတ်၊ နန့်တိန်း၊ လေပြင် စတဲ့ စစ်တပ်ဂိတ် ၄ နေရာလောက်မှာလည်း ထိုနည်းတူ စစ်ဆေးမှုတွေပြုလုပ်ပြီး ဂိတ်အလိုက် ငွေကြေးပေးဆောင်ရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဖားကန့်ဘက်ကို တက်တဲ့ ကုန်တင်ကားတင်ဆောင်လာတဲ့ ကားသမားတစ်ယောက်ဟာ ကားမိုင်းပြည်သူ့စစ်အပါ စစ်တပ်ဂိတ် ၄ နေရာလောက်မှာ သိန်း ၃၀ ဝန်းကျင်လောက် ဂိတ်ကြေးပေးဆောင်လိုက်ရတဲ့ အခြေအနေမှာ ဖြစ်ပေါ်နေတယ်လို့ ကားသမားတွေကပြောပါတယ်။

နန့်ယားနဲ့ လေပြင် စစ်တပ်ဂိတ်နေရာတွေမှာဆိုရင် ဂိတ်ကြေးပေးဆောင်တာတွေမရှိပါက ပါလာတဲ့ စက်သုံးဆီ၊ ဆန် စတဲ့ ကုန်ပစ္စည်းတွေနဲ့အတူ ကုန်ကားပါ ဖမ်းဆီးပေးလိုက်ပြီး ငွေပေးပြီး ပြန်လည်ရွေးထုတ်ယူရတဲ့အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။

ဖားကန့်လမ်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ငွေကြေးကောက်ခံတာနဲ့ ပတ်သက်ပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကတော့ နမ့်တိန်းကျေးရွာမှာ ကုန်တင်ကားတွေကို တစ်နှစ်စာအနေနဲ့ သွားလာခွင့် ပေးထားတဲ့ လက်မှတ်စစ်ဆေးတာတွေ ပုံမှန်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

တစ်ဖက်မှာ ကားမိုင်းပြည်သူ့စစ်အဖွဲ့ဟာ အများပြည်သူရှိတဲ့ ကောင်ရာရက်ကွက် စာသင်ကျောင်းအနီး ခန်းမဆောင်မှာ တပ်စခန်နေထိုင်ပြီး ကားသမားတွေအပြင် ကျေးရွာအတွင်းသွားလာတဲ့ ဒေသခံပြည်သူတွေကိုပါ စစ်ဆေးတင်းကြပ်နေတာကြောင့် ဂိတ်စခန်းမထားပေးဖို့ ကားမိုင်းဒေသခံတွေကလည်း တောင်းဆိုနေကြပါတယ်။

ဖားကန့်သွားလမ်းမပေါ်မှာ လုံးခြုံရေးအရ စစ်တပ်ဂိတ်နေရာတွေ တိုးချဲ့လာတဲ့အပေါ်မှာ ခရီးသွားလာတဲ့ ပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်မှုနဲ့ ကားသမားတွေကို အတင်းအဓမ္မ ငွေညစ်တောင်းခံတာတွေကို မလုပ်ကြဖို့ ကားသမားတွေက တောင်းဆိုထားပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button