သတင်း

ဗန်းမော်မှာကျင်းပမယ့် မနောပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ လာမယ့်နိုဝင်ဘာလအတွင်းကျင်းပသွားမယ့် မနောပွဲတော်အပေါ် ကန့်ကွက်မှုတစ်ချို့အပါအဝင် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

မနောပွဲကျင်းပမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသားစာပေနှင့်ရိုးရာ ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များနဲ့ ကချင်ဘာသာရေးပေါင်းစုံက တာဝန်ရှိသူများက အောက်တိုဘာလ ၂၁ ရက်နေ့ ထပ်ပြီးအစည်းအဝေးနွေးဆွေးခဲ့ရာမှာ ပွဲကိုရက်ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့  ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

မနောပွဲပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ကိစ္စက ပြန်ရွှေ့လိုက်ပါပြီ။ ရပ်နားထားတယ်ဆိုတာက အခြေအနေတစ်ခုကို စောင့်ကြည့်ဖို့ ဖြစ်တယ်။ အခြေအနေပြန်ကောင်းလာတဲ့အခါမှာ လုပ်ဖို့ဖြစ်တယ်။ ဘယ်နေ့မှာ ပြန်လုပ်ကြမယ့် ဆိုတာကိုတော့ သေချာဆွေးနွေးထားတာမရှိသေးဘူး။ ဒါ့ပေမယ့် လောလောဆယ်က ရွှေ့ဆိုင်းထားလိုက်ပြီလို့ပြောပါတယ်။

ဒါပေမယ့် မနောပွဲပြုလုပ်ကျင်းပဖို့အတွက် တာဝန်ရှိတဲ့ ပွဲဖြစ်မြောက်ရေးကော်မတီတွေဟာ မနောပွဲဖြစ်မြောက်ရေး ရံပုံငွေ၊ လုပ်ငန်းရှင်တွေဆီက ငွေကြေးလက်ခံလိုက်ပြီဖြစ်တဲ့အတွက် လက်ရှိအနေအထားမှာ မနောပွဲကျင်းပဖို့ မဖြစ်နိုင်ပေမယ့် အခြေနေပေါ်မူတည်ပြီး ပြန်လုပ်ဖို့တော့ အစီစဉ်ရှိတယ်လို့ သူကဆက်ဆိုပါတယ်။

အခုဆွေးနွေးထားတဲ့ထဲမှာက ပွဲကပြန်လုပ်ဖို့တော့ရှိတယ်။ အခုက ရွှေ့ဆိုင်းလိုက်တဲ့သဘောပါပဲ။ ဒါပေမယ့် နောက်နှစ်လည်းရောက်ရင်ရောက်သွားမယ်။ ဒီနှစ်ထဲမှာလည်း လုပ်ရင်လုပ်မယ့် အခြေအနေပေါ်မှာပဲမူတည်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ မနောပွဲဖြစ်မြောက်ဖို့အတွက် ရယူထားတဲ့ ငွေကြေးရံပုံငွေတွေရှိနေတယ်။ ဒါ့ကြောင့် လုပ်သွားဖို့တော့ရှိတယ်လို့ပြောပါတယ်။

အခုလို မနောပွဲတော်ကြီးကျင်းပဖို့ ပြန်လည်ရွှေ့ဆိုင်းလိုက်တဲ့အပေါ်မှာ ဗန်းမော်ဒေသခံ အမျိုးသားတစ်ယောက်က အခုချိန်မှာ အားလုံးသိတဲ့အတိုင်း နိုင်ငံရေး စီးပွားရေး နေရာတိုင်းမှာ ဖြစ်ပွားနေတာ ဒီလို ပွဲတော်ကြီးမလုပ်သေးတာက ကောင်းပါတယ်။ ပြီးရင် တစ်ဖက်မှာ ကချင်ပြည်သူတစ်ချို့ကလည်း ဝမ်းနည်းပူဆွေးနေတဲ့ အချိန်လည်းဖြစ်တယ်။ ဒါကြောင့်မလုပ်သေးတာက အကောင်းဆုံးပါပဲလို့ ပြောပါတယ်။

မနောပွဲတော်ကြီးကို ဗန်းမော်မြို့ အောင်သာရပ်ကွက်မှာ လာမယ့် နိုဝင်ဘာလ ၂၁ ကနေ ၂၅ ရက်နေ့အထိ ကျင်းပသွားဖို့ စီစဉ်ထားပြီး ဂေါက်ရိုက်ပြိုင်ပွဲအပါအဝင် မနောပွဲတော်ကြီး ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အဲဒီ ၅ ရက်သာ မနောပွဲတော်ကြီးမှာ မနောကွင်းမုဒ်ဦး၊ မနောတိုင်၊ မနောရင်ပြင် နဲ့ ၄ ကြိမ်မြောက် ဆွတ်မနောကောက်သစ်စားပွဲ(Nlung Nnan)စတဲ့ အစီအစဉ်တွေကို ပြုလုပ်ကျင်းပသွားမယ်ဖြစ်တယ်လို့ ဗန်းမော်ခရိုင် ရိုးရာနဲ့ စာပေယာဉ်ကျေးမှုဗဟိုမကော်မတီကလည်း ကြေညာထားတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် မနောပွဲကျင်းပဖို့ စီစဉ်ထားတဲ့ ဗန်းမော်မြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ KIA တပ်တို့အကြား စစ်ရေးတင်းမာနေတဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာဘဲ မုန်လိုင်ခက်လေကြောင်းပစ်ခတ် တိုက်ခိုက်ခံရမှု၊ အနန့်ပါနဲ့ တပ်မဟာ ၉ နယ်မြေဘက်ကတွေမှာ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တာတွေအပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းတွေကြောင့် ပြည်သူတွေက ဒီမနောပွဲကျင်းပမယ့်အပေါ် အပြင်းထန်ကန့်ကွက်နေကြတာကြောင့် ပွဲကိုရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

By – နော်ထွယ့် (ဟူးကောင့်)

Show More

Related Articles

Back to top button