သတင်း

ဝိုင်းမော်ဒေသကို လုံခြုံရေးတင်းကြပ်ဖို့ ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ကို စစ်တပ်က ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ကို ဒေသအတွင်း လုံခြုံရေးတင်းကြပ်ပေးဖို့ ညွှန်းကြားထားတာကြောင့် ကျေးရွာ၊ ရပ်ကွက်အတွင်း ဖမ်းဆီးခံရတာတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်  ၃ လလောက်အကြာ တိုက်ပွဲဒေသဖြစ်ပွားနေတဲ့ နေရာဘက်ကို စစ်ကောင်စီ ယာဉ်တန်းတက်လာတိုင်း ကဇူး၊ ဒဘတ်၊ ဂျာပူနဲ့ ဆွမ်မားလမ်းခွဲ စတဲ့နေရာတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့  ကြားဖြတ်တိုက်ခိုက်ခံရမှု မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဟာ ဝိုင်းမော်ဒေသအတွင်းဖြစ်တဲ့ ကဇူး၊ ဒဘတ်နဲ့ ဆမားလမ်းခွဲ စတဲ့နေရာအထိ လုံခြုံရေးတင်းကြပ်ပေးဖို့ ညွှန်ကြားထားတဲ့နောက်ပိုင်းကနေ ဝိုင်းမော်မြို့ပေါ်နဲ့ မြို့ပြင်ရှိ ကျေးရွာတွေမှာ စစ်ဆေးရေးတင်းကြပ်လာတာဖြစ်တယ်လို့ဝိုင်းမော်ဒေသခံ တစ်ယောက်က KNG ကိုပြောပါတယ်။

“ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေကိုတော့ ဝိုင်းမော်ကနေ ဒဘတ်နေရာဘက်အထိ လုံးခြုံရေးယူပေးဖို့ စစ်ကောင်စီကနေ ညွှန်ကြားထားတယ်လို့ ကြားတယ်။ ပြီးရင် ဝူယန်ကနေ ကန်ပိုင်အထိဘက်ပါတယ်လို့ပြောပါတယ်။ အဓိကတော့ ၃ လလောက်တိုက်ပွဲဖြစ်နေတဲ့ နေရာဘက်ကို စစ်ကောင်စီတွေ တက်လာတိုင်း KIA က အမြဲတမ်းဝင်တိုက်တာတွေ လုပ်တော့ အဲဒီနယ်မြေတွေကို ထိန်းချုပ်ဖို့ပြောတယ်။ အဲဒါကြောင့် ဝိုင်းမော်နေရာမှာ စစ်ဆေးရေးအရမ်းတင်းကြပ် လာတယ်။ ပြီးရင် ဖမ်းဆီးခံရတဲ့ သူတွေလည်း ဆက်တိုက်ဖြစ်နေတယ်”လို့ပြောပါတယ်။

လက်ရှိ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက ဝိုင်းမော်မြို့ပေါ် ပြည်သူ့စစ်တပ်စခန်းနေရာရှိတဲ့ ဝူယာန်၊ လမြန်၊ မုတ်ကြိတ်၊ အောင်မြေ(၁)၊(၂) စတဲ့ကျေးရွာ ရပ်ကွက်နေရာတွေမှာ လုံခြုံရေးအကြာင်းပြုပြီးတော့ သွားလာလှုပ်ရှားပြီး နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ ပြည်သူ့စစ်လက်အောက်မှာ ဖမ်းဆီးခံရသူ ၄ ယောက်အထိရှိခဲ့ပြီး ဖမ်းဆီးခံရတဲ့ တစ်ချို့ကို စစ်ကောင်စီရဲ့ စစ်ကြောရေးကို ပို့ဆောင်လိုက်ပြီး တစ်ချို့ကိုတော့ ဝူယန်ပြည်သူ့စစ်စခန်းမှာ ဖမ်းဆီးထားတယ်လို့ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ၄ ယောက်ထဲမှာ အောက်တိုဘာလ ၁၃ ရက်နေ့ မှာ လမြန်ကျေးရွာက အမျိုးသမီး ၂ ယောက် ဖမ်းဆီးခံရပြီး အဲဒီအမျိုးသမီး ၂ ယောက်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပို့ဆောင်လိုက်ပြီး ကျန် ၂ ယောက်မှာ မုန်ကြိတ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် အမျိုးသား ၂ ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေဟာ ရပ်ကွက်ဒေသအလိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဆက်နွယ်ပတ်သက်မှုရှိတဲ့ သူတွေကို လိုက်လံဖမ်းဆီးနေတာတွေလုပ်ဆောင်နေပြီး ညအချိန်မှာ ရပ်ကွက်အတွင်း သေနတ်ပစ်ဖောက်တာတွေ၊ ဆဲဆိုခြိမ်းခြောက်တွေတာတွေ လုပ်ဆောင်နေတယ် ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့ ဒေသခံ ၄ ယောက် ဖမ်းဆီးမှုမတိုင်မှီ ဝူယာန်ပြည်သူ့စစ်စခန်းကို KIA နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၃ ကြိမ်ထက်မနည်း သွားရောက်တိုက်ခိုက်ခဲ့တာတွေလည်းရှိခဲ့ တာကြောင့် အခုလို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်လာတာဖြစ်တယ်လို့ ဝူယန်ဒေသခံတစ် ယောက်လည်း အခုလိုပြောပြပါတယ်။

“အဲဒီ ၁၃ ရက်နေ့မရောက်ခင်မှာ ဝူယာန်ပြည်သူ့စစ်စခန်းကို KIA နဲ့ PDF တွေက ဒရုန်းနဲ့လာပစ်သေးတယ်။ အဲတုန်းက စခန်းထိခိုက်သွားတာနဲ့ပတ်သက်ပြီးတော့ အသေးစိတ်က မသိလိုက်ရဘူး။ နောက် ၂ ရက်လောက်ဆို ဖမ်းဆီးတာတွေ ရှိလာပြီးလေ။ သူတို့က ရွာထဲမှာ KIA နဲ့ ပတ်သက်တဲ့သူတွေကိုပါ အကုန်ဖမ်းလာတာ။ အခုဖမ်းသွားတဲ့ သူတွေကိုလည်း KIA နဲ့ ပတ်သက်တယ်လို့ပြောပြီး ဖမ်းသွားကြတာ”လို့ပြောပြပါတယ်။

အခုလို ပြည်သူ့စစ်တပ်ဖွဲ့တွေက ဝိုင်းမော်မြို့တွင်း မြို့ပြင် ညတိုင်းလိုလို အင်အား အများအပြားနဲ့ လုံးခြုံရေးတင်းကြပ် ထားပြီး ပြည်သူနေအိမ်တွေကို တစ်အိမ်ဆင်း တစ်အိမ်တက် စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် KIA နဲ့ ဆက်နွယ်မှုရှိတဲ့ ပြည်သူတစ်ချို့က ထွက်ပြေးတိမ်းရှောင်နေတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာလည်း တိုက်ပွဲကြောင့် တိမ်းရှောင်လာတဲ့ ကဇူး၊ ဒဘတ် စစ်ရှောင်တစ်ချို့ကို တိမ်းရှောင်နေတဲ့ နေရာကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို လူသာားဒိုင်းအသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာရှိခဲ့တာကြောင့် ဖမ်းဆီးခံရတဲ့ တစ်ချို့မှာ စစ်ကြောင်းထဲ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေလည်းရှိပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button