သတင်း

စစ်တပ်ထံ လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီ ရောင်းချမှုကို ပိတ်ဆို့ပေးဖို့ စင်ကာပူအစိုးရကို တောင်းဆိုတဲ့လှုပ်ရှားမှုမှာ ပါဝင်ရန်တိုက်တွန်း

စင်ကာပူအစိုးရက စစ်ကောင်စီကို လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီတွေရရှိဖို့ ပံ့ပိုးကူညီမှုတွေကို ရပ်တန့်ဖို့ မြန်မာ ပြည်သူတစ်ရပ်လုံး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ လက်မှတ်ထိုးပါဝင်ဖို့ အစီစဉ်မှာ ဦးဆောင်သူတွေက တိုက်တွန်း ပြောဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက စင်ကာပူနိုင်ငံဘဏ်များကို အသုံးပြုခွင့်ရရှိနေမှုအပြင် စင်ကာပူက ရောင်းချနေတဲ့ စစ်လက်နက်ပစ္စည်း၊ လေယာဉ်ဆီတွေကို ပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုတဲ့အစီစဉ်အဖြစ်ဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်နေ့မှာလည်း စင်ကာပူအစိုးရထံ စာရေးသားပေးပို့သွားမှာ ဖြစ်တယ်လို့ အစီစဉ်ဖြစ်မြောက်ရေးမှာ ပါဝင်နေတဲ့ Kachin State  Civilian Movement အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

“အများကြီး ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး ဒါပေမယ့်လည်း အဓိကအားဖြင့် လူထုရဲ့ဆန္ဒနဲ့ နိုးဆော်မှုတွေကို စင်ကာပူအစိုးရက ပိုမိုသိရှိပြီး လက်နက်နည်းပညာတွေ မရောက်သွားဖို့နဲ့ လူထုရဲ့အသံကို လျစ်လျူရှုလိုက်ပြီ ဆိုရင်လည်း ကမ္ဘာက စင်ကာပူရဲ့ လုပ်ရပ်တွေကို သိရှိပြီး အရှက်ရစေဖို့“ လို့ ဆိုပါတယ်။

ဒီကမ်ပိန်းရည်ရွယ်ချက်ကတော့ စစ်ကောင်စီကို လက်နက်အင်အားနဲ့ လေယာဉ်ဆီတွေကို သွယ်ဝိုက်သောအားဖြင့် ကူညီပေးနေတဲ့ စင်ကာပူအစိုးးရကို ဖိအားပေးတားဆီးဖို့ ဖြစ်ပြီး စင်ကာပူနိုင်ငံမှာရှိနေတဲ့ မြန်မာအစိုးရရဲ့ ဒေါ်လာ ၄.၆ ဘီလီယမ်ကို စစ်ကောင်ဆီထံ မရောက်ရှိသွားဖို့ ဖြစ်တယ်လို့လည်း ထပ်ဆင့် ပြောဆိုပါတယ်။

မြန်မာလူထုရဲ့ သဘောထားတောင်းဆိုမှုကို စင်ကာပူနိုင်ငံ အစိုးရတွေက ပိုမိုသိရှိလာစေရန် စင်ကာပူအစိုးရအဖွဲ့ ဝန်ကြီးတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မြန်မာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကန့်ကွက်တဲ့ စာရေးသားတဲ့ campaign ကိုလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းတဲ့အချိန်ကစပြီး စင်ကာပူနိုင်ငံ လက်နက်ကုမ္မဏီ ၁၃၈ ခုကနေ စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၂၅၄ သန်းဖိုး အထိ ရောင်းချနေတာဖြစ်ပြီး အဲဒီလက်နက်တွေနဲ့ ကချင်ပြည်နယ်သာမက တစ်နိုင်ငံလုံးကို တိုက်ခိုက်နေတာကြောင့် ဒီလှုပ်ရှားမှုမှာ ပြည်သူများပါဝင်ပေးကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button