သတင်း

အောင်ဂျာ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီအင်အား ရာကျော်ကို​ ချေမှုန်းခဲ့ပြီး အရေးကြီးတဲ့ အောင်ပွဲဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ပြော

သိမ်းပိုက်လိုက်တဲ့ အဲဒီစစ်ကောင်စီတပ်စခန်းတွေဟာ နှစ်ပေါင်း၂၀ လောက်အထိုင်ချထားတဲ့ တပ်စခန်းဖြစ်သလို မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ နှင့် KIO ဗဟိုဌာနချုပ်လုံခြုံရေးအတွက် အရေးပါတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ် ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ အောင်ဂျာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားရာကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး အဲ့ဒီစခန်းသိမ်းတိုက်ပွဲဟာ အရေးကြီးတဲ့အောင်ပွဲဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်ပါတယ်။

“အောင်ဂျာအောင်ပွဲကအရေးကြီးပါတယ် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဌာနချုပ်တွေကို ခြိမ်းခြောက်လို တဲ့ စစ်ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ အောင်ပွဲလည်းဖြစ်တယ်။ တော်လှန်ရေးထုအင်အားနဲ့ ဆင်နွှဲ တဲ့ မဟာဗျူဟာထိုးစစ်ရဲ့ ကနဦးခြေလှမ်းလည်းဖြစ်ပါတယ်။ ဒီပွဲမှာ ရန်သူ့အင်အား ရာကျော် ချေမှုန်းနိုင်ခဲ့တယ်” လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သူ့ရဲ့ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ရက္ခိုင့်တပ်တော် AA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ကူကီးအမျိုးသားတပ်မတော် (KNA) စတဲ့တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ဦးရည်မွန်က ရေးသားထားပါတယ်။

ဒါ့အပြင် အဲ့ဒီ စခန်းသိမ်းတိုက်ပွဲအပြီးမှာလည်း ကေအိုင်အေစစ်ဒေသမှူး ဗိုလ်ချုပ်ကြီး ခေါင်လွန်းက NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆီကို “ဝန်ကြီးရေ ကောက်လို့တော့မပြီးသေးဘူး၊ လက်နက်ငယ်တွေကော လက်နက်ကြီးတွေပါ PDF တစ်ရင်းစာ တပ်ဆင်နိုင်လောက်အောင်ရလိမ့်မယ်ဗျ” လို့ အကြောင်းကြားခဲ့ကြောင်း ဦးရည်မွန်က အောင်ဂျာစခန်းအောင်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာကနေ အသိပေးထားတာဖြစ်ပါတယ်။

အဲ့ဒီအသိပေးချက်စာနဲ့ အတူ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးချုပ်ဆီက ပေးပို့တဲ့ဂုဏ်ပြုမှတ်တမ်းတင် စာကိုရရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

အဲ့ဒီ ဂုဏ်ပြုမှတ်တမ်းတင်စာထဲမှာတော့ ကေအိုင်အေ တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ K-PDF တွေနဲ့အတူ လက်တွဲပြီးတော့ အသက်ကိုစွန့်ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ တာဝန်ရှိတဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုကြောင်းနဲ့ စစ်အာဏာရှင်စနစ် အပြီးသတ်ဖို့ အတူပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဝင်သွားဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်တွန်းစကားဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် တစ်ခြားသော မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မနေ့က အောက်တိုဘာ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အောင်ဂျာတပ်စခန်းကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် သုံးရက်အကြာမှာပဲ အောင်ဂျာတပ်စခန်း စစ်မြေပြင်ကို KIO ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က သွားရောက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးဂွန်မော်ရဲ့ ဆိုရှယ်မီဒီယာမှာလည်း ထုတ်ပြန်ခဲ့သလို KIA ရှေ့တန်း သတင်းရင်းမြစ်တွေကလည်း KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ကလေးငယ်တွေနဲ့ အရပ်သားတွေသေဆုံးခဲ့ပြီးတဲ့နောက်မှာပဲ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ဆက်တိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

သိမ်းပိုက်လိုက်တဲ့ အောင်ဂျာကျေရွာက အဲဒီစစ်ကောင်စီတပ်စခန်းတွေဟာ နှစ်ပေါင်း၂၀ လောက်အထိုင်ချထားတဲ့ တပ်စခန်းဖြစ်သလို မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ နှင့် KIO ဗဟိုဌာနချုပ်လုံခြုံရေးအတွက် အရေးပါတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။

KIO ဌာနချုပ် လိုင်ဇာမြို့နဲ့ ၁၂မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အောင်ဂျာတပ်စခန်း၊ ရွှေကူမြို့နယ် ငဘတ်ကြီးရွာက စစ်ကောင်စီတပ်စခန်း၂ခု နဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသက ဝိန်းလားတောင် စစ်ကောင်စီတပ်စခန်းတွေကို KIA က ဆက်တိုက်ဆိုသလို သိမ်းပိုက်ခဲ့တာပါ။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေကတော့ အောက်တိုဘာ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၃ ရက် အတွင်းမှာပဲ သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ လက်နက်ပေါင်း ၁၀၀ ကျော်၊ လက်နက်ခဲယမ်းတွေအပါအဝင် လက်နက်ကြီးကျည်အများအပြား သိမ်းဆည်းရရှိခဲ့တာလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ ရဲ့ပြောပြချက်အရသိရပါတယ်။

KIA သိမ်းယူနိုင်ခဲ့တဲ့ စခန်းတွေဟာ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့တပ်စခန်းတွေ ဖြစ်ပြီး အဲ့ဒီထဲမှာ အောင်ဂျာတပ်စခန်းကတော့ စစ်ကောင်စီတပ်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုပဲ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button