သတင်း

နမ့်ဖတ်ကာမှာ လက်နက်ကြီးကျလို့ အရပ်သား ၃ ယောက်သေဆုံး

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာမှာ ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး တစ်ယောက်အပါအဝင် ၃ ယောက် သေဆုံး ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လာရှိုးမူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ နမ့်ဖတ်ကာ ရပ်ကွက် ၂ မှာ ဒီကနေ့ ညနေပိုင်း ၅ နာရီ လောက်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ကျတာကတော့ နမ့်ဖတ်ကာ ရပ်ကွက် ၂ထဲမှာကျတာပါ လမ်းမကြီးဘေးမှာရှိတာ အဲ့ဒီကားလမ်းဘေးမှာပဲ ကျတာ ပထမဆုံးတော့ တစ်ယောက်ပွဲချင်းပြီးဆုံးတာ နောက်နှစ်ယောက်ကတော့ ဒဏ်ရာနဲ့ ဆေးရုံအရောက် မှာ ဆုံးတာ သုံးယောက်ဆုံးသွားတာပေါ့လို့ ပြောပါတယ်။

လက်နက်ကြီးကြောင့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ နှလုံးပေါက်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီးတော့ ဆေးရုံအရောက်မှာတော့ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးနဲ့ အသက် ၁၈ နှစ် အရွယ် အမျိုးသားတို့ထပ်မံသေဆုံးခဲ့ရတာလို့ သိရပါတယ်။

ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကတော့ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ အတည်မပြုနိုင်ဘူးလို့ သူကအခုလိုဆက်ပြောပါတယ်။

ပြည်ထောင်စုလမ်းမကြီးဘေးဆိုတော့ တစ်ဖက်မှာလည်း စစ်တပ်ရှိတယ် တစ်ဖက်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေရှိတော့ ဘယ်ဘက်က ပစ်လိုက်မှန်းမသိဘူး လို့ပြောပါတယ်။

နမ့်ဖတ်ကာအနီးတစ်ဝှိုက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းတစ်ချို့ကို ဒီကနေ့ အောက်တိုဘာ ၃၀ ရက် နေ့၁၀၂၇ စစ်ဆင်ရေး၄ရက်မြောက်အဖြစ် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်တာတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် နမ့်ဖတ်ကာမှာတော့ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ ခလရ ၁၂၃ က အထိုင်ချတပ်စွဲထား ပါတယ်။

တစ်ဖက်မှာလည်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ ချင်းရွှေဟော် နဲ့ လောက်ကိုင်လမ်းပိုင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ဒီကနေ့ အထိ လမ်းပိုင်း ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာလည်း နမ့်ဖတ်ကာ ရပ်ကွက် ၄ မှာ စစ်ကောင်စီတပ်ဖွဲ့ ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်အပါအဝင် အမျိုး သမီးတစ်ယောက်သေဆုံးခဲ့ပြီးတော့ ၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button