သတင်း

ကွတ်ခိုင်မြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားနှစ်ယောက်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက်သေဆုံးခဲ့သလို နမ့်ဖတ်ကာရွာ မှာလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

 
ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည်းပိုင်း ၂နာရီခွဲ လောက်မှာတော့ ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး၉လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့သလို နေအိမ်၃လုံးနဲ့ ကာလိုင်ဈေးလည်း ပျက်ဆီးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
“အမျိုးသမီးတစ်ယောက်သေတယ်လို့ကြားပါတယ်။ အသက်၅၀ အရွယ်လို့ပြောတယ် လေယာဥ်နဲ့ပစ်ခတ် တာပဲ နှစ်ကြိမ်လို့သိရတယ် ဘာလေယာဥ်လည်းတော့ကျနော်မသိဘူးလို့”ဒေသခံတစ်ယောက်ကပြောပါတယ်။
 
ကာလိုင် ကျေးရွာဟာ ကွတ်ခိုင်မြို့ရဲ့အရှေ့တောင်ဘက် မြို့နဲ့ ၈မိုင်လောက်အကွာမှာရှိတဲ့ကျေးရွာကြီး ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် နမ့်ဖတ်ကာရွာက ခလရ ၁၂၃ စစ်တပ်ကို ဒီကနေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ ရဟတ် ယာဥ် တွေနဲ့ ရိက္ခာတွေချပေးပြီး ပေါက်ကွဲသံတစ်ခုကြားခဲ့ရာမှ အမျိုးသမီး တစ်ယောက် ထပ်မံသေဆုံး ခဲ့ရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
 
“နမ့်ဖတ်ကာက ၁၂၃ တပ်ကို လေယာဥ်နဲ့သုံးလေးပတ် ပတ်ပြီးတော့ လေထီးနဲ့ ရိက္ခာတွေထင်ပါတယ် ချပြီးတော့ လက်နက်ကြီးက သူတို့ကပဲပစ်တာလား ဘယ်ကပစ်မှန်းမသိဘူး လေယာဥ်နဲ့ပစ်တာလား လက်နက်ကြီးပဲလား သေချာတော့မသိဘူး အဲ့တာ ပေါက်ကွဲသံကြားပြီးတော့ အမျိုးသမီးတစ်ယောက်ထိပြီး ဆုံးသွားတယ်”လို့ပြောပါတယ်။
 
သေဆုံးခဲ့ရတဲ့အမျိုးသမီးဟာ အသက် ၅၀ ကျော်အရွယ် နမ့်ဖတ်ကာရွာ အစွန်ဆုံး ရပ်ကွက်မှာ နေထိုင်တဲ့ သူဖြစ်ပြီး နဖူးကိုထိမှန်ပြီးသေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မနေ့က နိုဝင်ဘာလ ၁ ရက်နေ့မှာလည်း မူဆယ်မြို့နယ် နမ့်ခွန်ရွာမှာ ဗုံးခိုကျင်းပြိုကျလို့ သားအမိနှစ်ယော်ကသေဆုံးခဲ့ရပြီး နောက်ထပ် မူဆယ်မြို့နယ် ကြူကုတ်( ပန်ဆိုင်း) မှာ စစ်ကောင်စီ တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသားတစ်ယောက်သေဆုံးပြီး အမျိုးသမီး၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
By – အမိုး
Show More

Related Articles

Back to top button