သတင်း

မြို့၄ မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ဆို ညီနောင်မဟာမိတ်ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေး ၇ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၄ မြို့ကို အပြီးသတ်ထိန်းချုပ်လိုက်နိုင်ပြီလို့ ညီနောင်မဟာမိတ်အဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

ညီနောင်မဟာမိတ်၃ဖွဲ့ဘက်က ထိန်းချုပ်ထားနိုင်တဲ့မြို့နယ်တွေဟာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း) အပါ အဝင် သိန္နီမြို့တို့ဖြစ်ပြီး အလုံးစုံထိန်းချုပ်နိုင်ပြီလို့ ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ တအာင်း တပ်မဟာ ၁ စစ်ဒေသ နမ်းခမ်းမြို့နဲ့ မန့်ဝိန်းကြီးအကြား ဆက်သွယ်ထား တဲ့ ရွှေလီကြိုးတံတားရဲကင်းကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီး “၁၀၂၇ စစ်ဆင်ရေး” ၆ ရက်အတွင်း သံချပ်ကာ တင့်ကား စုစုပေါင်း ၆ စီးကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စစ်ရေးအရအရေးပါတဲ့ တပ်စခန်း ၉၀ ကျော်ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး လက်နက်ခဲယမ်းမြောက်များစွာ ကိုလည်း သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

စစ်တပ်ဘက်ကလည်း ချင်းရွှေဟော်၊ ဖောင်းဆိုင် နဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့၃မြို့ကိုတော့ လက်လွှတ်ခဲ့ရတယ်လို့ စစ်ကောင် စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ဒီအချိန်မှာတော့ ကျနော်တို့အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံအဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရ တဲ့ နေရာတွေရှိပါတယ် ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ် ဒီ၃ခုတော့ရှိပါတယ်”လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာတော့ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ တစ်ခြားသောတော်လှန်ရေး အဖွဲ့တွေဟာ “၁၀၂၇ စစ်ဆင်ရေး” ၇ ရက်မြောက်နေ့အဖြစ် နောင်ချို့မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်လက် ဖြစ်ပွား နေပြီး ဒီကနေ့ မနက်ပိုင်းမှာပဲ နောင်ချိုမြို့နယ်ကတပ်စခန်းတစ်ခုနဲ့ ကိုးကန့်ဒေသက တပ်စခန်း ၂ ခုကို ထပ်မံ သိမ်းပိုက်လိုက်ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button