စစ်ပြေးဒုက္ခသည်များသတင်း

မုံးကိုး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့အကူညီတွေလိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကျေးရွာတစ်ချို့ ဘေးလွှတ်ရာတွေမှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” အဖြစ် မုံးကိုးဒေသတွင်း ဖြစ်ပွားလာတဲ့ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီဘေးလွှတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရပြီး အကူညီတစ်စုံ တစ်ရာမရကြဘူးလို့ TWO တအာင်းအမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အခုလောလောဆယ်က သူတို့က မုံးကိုးချောင်းဘေး တရုတ်ရဲ့ ခြံစည်းရိုးတစ် လျှောက်မှာတဲထိုးပြီးနေ နေကြရတယ်။ အခက်အခဲကတော့ သူတို့က မြို့နဲ့ဝေးတယ် ဒါ့ကြောင့် လားရှိုးတို့လို သူတို့ဆီလာပြီး ကူညီထောက်ပံ့ပေးတဲ့ အလှူရှင်လည်း မရှိဘူး။ လောလောဆယ်စားဝတ်နေရေးအတွက်ဆို ဒေသခံတွေပြောပြချက် အရသူတို့ဘာသာပဲဖြေရှင်းနေရတယ်လို့ပြောပါတယ်။

လက်ရှိထွက်ပြေးတိမ်းရှောင်ကြရတဲ့အရပ်သား ထောင်နဲ့ချီရှိနေပြီး ကောင်းဟုန်းကျေးရွာအုပ်စု၊မိုင်းယ ကျေးရွာအုပ်စုအတွင်းရှိတဲ့ ကျေးရွာက အရပ်သားတွေအပြင်တစ်ခြားအတည်မပြုနိုင်သေးတဲ့ ကျေးရွာတွေ အတော်များများရှိတယ်လို့ ဆိုပါတယ်။

မုံးကိုးဒေသမှာတော့ လက်ရှိအချိန်ထိ တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီးတော့ လက်နက်ကြီး နဲ့လေကြောင်း ပစ်ခတ်မှုတွေကြောင့် နေအိမ်မီးလောင်းပျက်ဆီးမှုတွေ လည်းရှိနေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ ပြီးခဲ့တဲ့ ရက်ပိုင်းကတောင် လက်နက်ကြီးရွာထဲ ကျလို့အိမ်တွေမီးလောင် နေတယ် လောလောဆယ်ရွာထဲဘယ်သူ မှမရှိတော့ အိမ်က ဘယ်နှစ်အိမ်မီးလောင်သွားလည်းဆိုတာကိုလည်း ဘယ်သူမှမကြည့်ရဲကြဘူး တိုက်ပွဲကတော့ အခုထိကိုဖြစ်နေတုန်းပဲလို့ TWO တအာင်းအမျိုးသမီးအဖွဲ့အစည်းက တာဝန် ရှိသူတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ကလည်း မုံးကိုးဒေသ နန်တုန်ရွာအုပ်စု ရှင်းကျိုင့်ရွာမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ယောက်အပါအဝင် အရပ်သား ၅ ယောက်သေဆုံးခဲ့ရတယ်လို့ ကိုးကန့်တပ် MNDAA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

မုံးကိုးဒေသမှာတော့ တရုတ်လူမျိုးအများစုနေထိုင်သလို၊ တအာင်းလူမျိုးစုနဲ့ တစ်ခြားသောတိုင်းရင်းသား တစ်ချို့လည်းနေထိုင်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံးကိုးမြို့နယ်ဟာ မူဆယ်ခရိုင်အတွင်းက မူဆယ်မြို့ကနေ မုံးကိုးမြို့ကို ဆိုင်ကယ်နဲ့ ၆ နာရီကြာသွားရတဲ့ အကွာအဝေးရှိတယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ရာ ကနေ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အရပ်သား၂ သောင်းနီးပါးရှိ လာပြီလို့ သိရပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှုင်းရေးမှူးရုံး UNOCHA ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ညီနောင်မဟာ မိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲပြင်းထန်မှုတွေကြောင့် အောက်တိုဘာ ၃၀ ရက်နေ့အထိရှမ်းပြည်မြောက်ပိုင်းမှာ အရပ်သား ၆၂၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေး နေကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button