တိုက်ပွဲသတင်း

ကသာတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ရွှေကူမြို့နယ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင် စုန်ဆင်းလာတဲ့ သံခွန်မော်တော်ယာဥ်ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်ကစစ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းဘက်ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့တာဖြစ်ပြီး ကသာမြို့နယ် ကပလိပ်ရွာအရောက်မှာ နှစ်ဖက်တိုက်ပွဲနာရီဝက်ကြာပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ရွှေကူဘက်ကနေ သူတို့က ညဘက်ကတည်းကထွက်လာခဲ့တာ အဲ့တာ ကသာကပလိပ်အရောက်မှတွေ့တာ တိုက်ပွဲက ၁ နာရီနီးပါးလောက်ကြာတယ် ဝါးလုံးသုံးပြန်လောက်ပဲ ကပ်ပြီးပစ်ရတာလို့ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ကသာမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့ပြီး ကာကွယ်ရေးတပ်ဘက်ကတော့ တစ်စုံတစ်ရာထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အဲ့ဒီတိုက်ပွဲအတွင်း အကျအဆုံးတွေများပြားခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ လည်းများပြားခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာတော့ ကသာမြို့ပြင်ဘက်ကကျေးရွာတွေကိုစစ်ကြောင်းပတ်ထိုးနေတယ်လို့ နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

မြို့ထဲကနေ ကား၃စီးနဲ့ အင်အား၁၀၀လောက်ကို မြို့အစွန်ဘက်ကိုချသွားတယ် အဲ့ဒီစစ်ကြောင်းကတော့ အခု မြို့ပြင်ဘက်တွေထွက်ပြီးစစ်ကြောင်းထိုးနေတယ် လက်ရှိအဲ့လိုရင်ဆိုင်နေရပါတယ်လို့ပြောပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့က စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့၊ ခါမ်းပတ်မြို့နဲ့ ပင်လည်ဘူးမြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီ တပ်ဘက်ကလည်း ကသာမြို့တွင်း ပြင်ဆင်မှုတွေလုပ်နေပြီး တိုက်ပွဲတွေပြင်းထန် လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့ ကာသာဒေသခံ တစ်ယောက်က ပြောပါတယ်။

သူတို့ဘက်ကတော့ တော်တော်ကြီးပြင်ဆင်ထားတယ် သူတို့ဝန်ထမ်းတွေရဲ့မိသားစုတွေအားလုံးကိုတော့ စစ်တပ်ထဲကို မနေ့ကအကုန်ခေါ်သွင်းတယ် မြို့ထဲဈေးတွေလည်းအကုန်ပိတ်သွားပြီ ပြည်သူတွေကတော့ တုန်လှုပ်ခြောက်ခြားပေါ့ မြို့ထဲလည်းအသွားအလာလည်းမရှိဘူး သူတို့ဘက်က မြို့တွင်းခံစစ်ကိုတော်တော် လုပ်ထားပုံရတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ မနေ့ကပဲ ကသာခရိုင်အတွင်းတည်ရှိတဲ့ ပင်လည်ဘူးမြို့နယ်ကိုလည်း ကချင် လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မနက် ပိုင်းမှာပဲ ဒေကာကွယ်ရေးတပ်တွေဘက်က သတင်းဌာနတွေကို အတည်ပြုခဲ့ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button