တိုက်ပွဲသတင်း

စစ်ကောင်စီတပ်များ အုပ်စုလိုက်အညံ့ခံလိုက်တဲ့အတွက် ပင်လည်ဘူးမြို့ထပ်ပြီး သိမ်းပိုက်ရရှိ

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို မနေ့က နိုဝင်ဘာလ ၇ ရက်နေ့မှာပဲ ကချင်လွတ်လပ်ရေး တပ်မတော်KIA နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ကိုင်းကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက KNG ကိုအတည်ပြုပါတယ်။

ပင်လည်ဘူးမြို့ပေါ် မြို့မရပ်ကွက် ရဲစခန်းမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့က နိုင်ဝင်ဘာ ၇ ရက်နေ့ ည ၉ နာရီခန့်မှာပဲ အလံဖြူထောင်အညံ့ခံခဲ့တယ်လို့ စစ်ကိုင်းကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က အခုလိုပြောပါတယ်။

သူတို့ရဲ့ ရဲစခန်းပေါ့နော် သုံးထပ်အဆင့်တိုက်မှာနေရာယူထားတဲ့ အင်အား ၁၀၀ ဝန်းကျင်လောက်က အညံ့ခံတယ်တဲ့ မနေ့ကညကပဲ အညံ့ခံတာလို့ပြောတယ် အဲ့ဒီမှာပဲ ပင်လည်ဘူးကိုရလိုက်တာပါလို့ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစတင်ပြီးတော့ စစ်ကိုင်းတိုင်း ကလေးတမူးလမ်းမကြီးပေါ်က ခါမ်းပါတ်မြို့ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ မနေ့ကပဲ ခမ်းပါတ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အလားတူ နိုဝင်ဘာ ၆ ရက်နေ့မှာ  ကောလင်းမြို့က စစ်ကောင်စီတပ်ဖွဲ့တွေအထိုင်ချတပ်စွဲထားကြတဲ့ တပ် စခန်း၊ စာသင်ကျောင်းနဲ့ ရုံးတွေကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းထဲမှာ ပင်လည်ဘူးမြို့ကတော့ တတိယအကြိမ်မြောက် သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းထဲမှာတော့ တစ်ပတ်အတွင်း မြို့ ၃ မြို့ကို KIA ,PDF ပူးပေါင်းတပ်တွေက သိမ်းယူထားနိုင်ပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ ၂၀၂၁ ခုနှစ်  စက်တင်ဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်အထိ ၂ ရက်တာ တိုက်ပွဲမှာလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးပြီး စစ်လက်နက်အများအပြားကို KIA နဲ့PDF ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button