တိုက်ပွဲသတင်း

နမ့်ခမ်းမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံများအားလုံးထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်းမြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLAဘက်က သိမ်းပိုက်ထိန်းချူပ်ထားနိုင်ပြီဖြစ်ပေမယ့် နမ့်ခမ်းမြို့နဲ့တစ်မိုင်ကျော်ဝေးတဲ့ စစ်တပ်ကုန်းစခန်းသိမ်းပိုက်နိုင်တာမရှိသေးတာကြောင့် နှစ်စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

တအောင်းလက်နက်ကိုင်အဖွဲ့ TNLA ဘက်က နမ့်ခမ်းမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်နေ့က နမ့်ခမ်းမြို့တွင်း TNLA ထိန်းချူပ်မှုအောက်က ပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုအခြေအနေတွေ သတင်းစာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့ပြီး နမ့်ခမ်းမြို့တွင်းမှာလည်း TNLAဝင်ရောက်ထားနိုင်ပြီဖြစ်ပါတယ်။

ဒါပေမယ့် ကချင်နဲ့ရှမ်းနယ်စပ်တစ်ကြောကိုထိန်းချုပ်ထားတဲ့ မြို့နဲ့ ၁ မိုင်လောက်အကွာရှိ တပ်မစခန်းသစ်ကုန်းကိုတော့ သိမ်းပိုက်နိုင်ခြင်း မရှိသေးသလို လက်နက်ကြီးနဲ့ အချင်းချင်းပစ်ခတ်မှုတွေ ရှိနေပြီး တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့နမ့်ခမ်းဒေသခံတစ်ဦးက ပြောပါတယ်။

တပ်မစခန်းသစ်ကုန်းကျန်သေးတယ်။ အချင်းချင်းလက်နက်ကြီးနဲ့ ပစ်ခတ်နေကြတယ်။ အခြေအနေသိရသလောက် မြို့အနီးက ဂိတ်တွေသိမ်း၊ မြို့ထဲက အုပ်ချူပ်ရေးရုံးတွေကို သိမ်း၊ ရဲစခန်းတွေကိုသိမ်းပြီး ဝင်နေရာယူနေတာပေါ့။ အဓိကတော့ အုပ်ချူပ်ရေးရုံးတွေကို သိမ်းထားပြီ ဒါပေမဲ့ အရေးကြီးတဲ့ တပ်မစခန်းသစ်ကုန်းက ထိုင်နေသေးတယ် ဆိုတော့ ၁၀၀ မှာ ၆၀ ရာခိုင်နှုန်းပဲ သိမ်းပိုက်ထိန်းချူပ်နိုင်သေးတယ်လို့ ကျနော်ကတော့ ပြောနိုင်တယ်လို့ နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နမ့်ခမ်းမြို့ကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ရက်နေ့က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နမ့်ခမ်းမြို့ကိုလည်း လက်လွတ်လိုက်ရတဲ့အတွက် နေ့တိုင်းဆိုသလို လက်နက်ကြီးတွေနဲ့အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူနေအိမ်များ ထိခိုက်ပျက်စီးတာတွေရှိသလို ပြည်သူထိခိုက်ဒဏ်ရာရရှိတာတွေလည်း ရှိကြောင်း ဆက်လက်သိရပါတယ်။

ဒါကြောင့် နမ်ခမ်းမြို့မှာရှိတဲ့ပြည်သူတွေကတော့ တရုတ်ပြည်ဘက်ခြမ်း စစ်ရှောင်စခန်းမှာ ထောင်နဲ့ချီခိုလုံနေကြတဲ့အပြင် ရွှေလီမြစ်ကမ်းတစ်လျှောက် ကျေးရွာတွေနဲ့ ကချင်ဘက်တွေဆီ တိမ်းရှောင်သူတွေလည်း ရှိနေပြီး အိမ်စောင့်အဖြစ် မြို့ထဲမှာအနည်းကျဉ်းသာရှိနေတယ်လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေကတော့ ရွှေလီဖြစ်ဟိုဘက်ခြမ်း တကြောနဲ့ တရုတ်ပြည်ဘက် ဂွန်ဟိုင်းဘက်လည်း စစ်ရှောင်စခန်းဖွင့်ထားပေးတယ်။ အဲ့မှာလည်း ထောင်ချီခိုလှုံနေတယ်။ ဒီဘက် မန်အိုင်ဒိုင်း၊ နောင်မွန်းတွေမှာလည်း ခိုလှုံနေသူတွေရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်။ အားလုံးနီးပါးထွက်ပြေးနေကြတုန်း။ အိမ်မှာ တစ်ယောက်တစ်လေ အိမ်စောင့်လောက်ပဲ။ အိမ်မစောင့်လည်း ထားခဲ့ရတဲ့ပစ္စည်းတွေကို တချို့ဆို ကားနဲ့ထိ လာခိုးသယ်တာတွေရှိတော့မြို့ထဲ အိမ်စောင့်တွေလောက်တော့ ရှိတယ်။ ဗန်းမော်ဘက်ထိ တိမ်းရှောင်သွားသူတွေလည်းရှိတယ်လို့ နမ့်ခမ်းမြို့ဒေသခံတစ်ယောက်က ပြောပါတယ်။

နမ့်ခမ်းမြို့က အဲ့ဒီတပ်စခန်းသစ်ကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ရင်တော့ နမ့်ခမ်းတမြို့လုံးကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်မဲ့အခြေအနေရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။

နမ့်ခမ်းမြို့ကို ၁၀၂၇ စစ်ဆင်ရေးစတဲ့အောက်တိုဘာ ၂၇ရက်ကစပြီး ညီနောင်မဟာမိတ် သုံးဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိချိန်ထိလည်း တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကတော့ လာရှိုး ၊သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စတဲ့ မြို့နယ် ၅မြို့နယ်အပါအဝင် ကွမ်းလုံမြို့နယ် နဲ့ ကုန်းကြမ်း၊လောက်ကိုင် စတဲ့မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး မာရှယ်လောထုတ်လိုက်ကြောင်း နိုဝင်ဘာ  ၁၂ရက်နေ့က ကြေညာခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ရက်ပေါင်း ၂၀ ဝန်းကျင်ကာလအတွင်း ရှမ်းမြောက်မှာ စစ်ကောင်စီတပ်စခန်း ၁၅၀ ဝန်းကျင် လက်လွတ်ဆုံးရှုံးနေပြီဖြစ်ပြီး လက်ရှိ လားရှိုးအထက် ရှမ်းမြောက်တခွင်ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခံထားရတာ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button