သတင်း

ကချင် – စစ်ကိုင်း ပြည်ထောင်စုလမ်းမကြီး ၂ ဖက် စစ်တပ် သွားလာခွင့်ပိတ်ဆို့ထား

ကချင်ပြည်နယ်ကနေ စစ်ကိုင်းဘက်ကိုဆင်းတဲ့ ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် စစ်တပ်ဂိတ်နေရာနဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့  ၂ ဖွဲ့စလုံးက နိုဝင်ဘာလ ၁၆ ရက်နေ့စပြီး သွားလာခွင့်ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက ပင်ဝယ်၊ နဘား၊ မော်လူးတစ်လျှောက် ဖြတ်သန်းသွားလာခွင့်ပိတ်ဆို့ထားလိုက်ပြီးနောက်  ညနေပိုင်း စစ်ကောင်စီတပ်ဘက်ကနေ မိုးညှင်းမြို့နယ်ထဲမှာရှိတဲ့ နန့်ဆီးအောင် စစ်တပ်ဂိတ်ကိုပြန်ပြီး ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ မော်ဟန်ဒေသခံ တစ်ယောက်က KNG ကိုအခုလိုပြောပါတယ်။

အခုချိန်ထိ ဘာလို့ပိတ်တယ်ဆိုတာကို မသိရသေးဘူးဖြစ်နေတာ။ တခြားနေရာတွေမှာက တိုက်ပွဲဖြစ်လို့ ပိတ်တယ် ထားပါတော့ အခုက ဒီဘက်မှာဆို တိုက်ပွဲဖြစ်တာလေး မရှိဘူး။ တာဝန်ရှိတဲ့ သူတွေကို လိုက်စုံစမ်းကြည့်ရင်လည်း ဘယ်မှ မသိကြဘူးတဲ့။ အားလုံးက အဖြေရှာမရဖြစ်နေကြတယ်လို့ ပြောပါတယ်။

အခုလို ပြည်ထောင်စုကားလမ်းမကြီးကို အကြောင်းပြချက်မရှိဘဲ နှစ်ဖက်စလုံးကနေ ရုတ်တရက်ပိတ်ဆို့ထားတာနဲ့ ပတ်သက်ပြီး နန့်စီးအောင်၊ ထီးချိုင့်ဂိတ်တာဝန်ခံတစ်ချို့နဲ့ တာဝန်ရှိတဲ့ KIA တစ်ချို့ကို  ဆက်သွယ် မေးမြန်းကြည့်ပေမယ့် တိကျတဲ့အဖြေပြောဆိုခြင်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကနေ နိုဝင်ဘာလ ၁၆ ရက်နေ့ နန့်စီးအောင် စစ်တပ်ဂိတ်တစ်ခုကိုသာပိတ်လိုက်ပေမယ့် နိုဝင်ဘာလ ၁၇ ရက် ဒီနေ့မှာ မြစ်ကြီးနားအဝင် ၂၁ မိုင်ဂိတ်နဲ့ ထီချိုင့်စစ်ဆေးဂိတ်တွေပါ ထပ်ပြီးပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ် ၂ ဖက်စလုံးက သွားလာရေးပိတ်ဆို့လိုက်တာဖြစ်တဲ့အတွက် ရန်ကုန်ဘက်ကနေတက်လာတဲ့ ခရီးသည်ယာဉ်နဲ့ ကုန်တင်ကားတွေက ရွှေကူနဲ့ အင်းတော်နေရာတွေမှာ ကားအစီး ၁၀၀ ကျော်ထက်မနည်း သောင်တင်နေကြပြီးတော့ မြစ်ကြီးနားဘက်ကနေဆင်းလာတဲ့ ယာဉ်တွေက မော်ဟန်၊ မော်စဲ နေရာတွေမှာ ပိတ်ဆို့ ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ နိုင်ငံရေးကြပ်တည်းမှုတွေကြားမှာ ဆက်သွယ်ရေးဖုန်းတွေပါ ဖြတ်တောက်ထားတာတင်မကပဲ သယ်ယူပို့ဆောင်ရေး ပြည်ထောင်စုလမ်းမကြီးပါ ပိတ်ဆို့လာတာကြောင့်  ပြည်သူလူထုအားလုံးအတွက် ဒီထက်ခက်ခဲတဲ့ ကြပ်တည်းမှုတွေ ပိုမိုဖြစ်လာနိုင်တယ်လို့ မော်ဟန်ဒေသက ဆက်ပြောပါတယ်။

ကျနော်ပြည်သူတွေအတွက်က ဆက်သွယ်ရေးနဲ့ သွားလာရေးက အရမ်းအရေးကြီးတာဖြစ်တယ်။ အခုက ဆက်သွယ်ရေးလည်းပိတ်တယ်။ နောက် သွာလာရေးပါ ပိတ်ဆို့လာတာက ပြည်သူတွေအတွက် ဒီထက် ကြပ်တည်းတာနဲ့ ရင်ဆိုင်ကြဖို့ပဲရှိတော့တယ်။ အင်တာနက်ပိတ်လိုက်ရင်တောင်မှ သွားလာရင်းနဲ့ လုပ်စားလို့ရသေးတယ် အခုက လမ်းပါပိတ်လိုက်တယ်ဆိုတော့ ဘယ်လောက်ထိခက်ခဲလာမလဲဆိုတော တွေးကြပေတော့ပြောပါတယ်။

လက်ရှိ မြို့သိမ်းတိုက်ပွဲနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အင်းတော်၊ ကသာစတဲ့မြို့နယ်တွေမှာ နိုဝင်ဘာလ ၁၅ ရက်နောက်ပိုင်း သတိထားနေထိုင်ကြဖို့ ကြေညာပြောဆိုထားတာတွေရှိပေမယ့် အခုလို ပြည်ထောင်စုလမ်းမကြီးကို သွားလာခွင့်ပိတ်ဆို့ သွားဖို့နဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီနဲ့ KIA  PDF တို့က တစ်စုံတစ်ရာ အသိပေးပြောဆိုထားခြင်းမရှိဘဲ ပိတ်ဆို့လိုက်တာကြောင့် ပြည်သူလူထုတွေအတွက် ပိုမိုခက်ခဲသွားစေတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒေသခံတစ်ချို့ရဲ့ ပြောဆိုချက်အရကတော့ အင်းတော်နဲ့ ကသာဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြားမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ပိတ်ဆို့ထားတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ကချင်ပြည်နယ် – စစ်ကိုင်းတိုင်းနယ်စပ် တစ်လျှောက် KIA ကနေ လမ်ပိတ်ဆို့ထားတယ်လို့ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံ ဦးနော်ဘူကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ တစ်စုံတစ်ရာ သိရှိထားခြင်းမရှိသေးဘူးလို့သာ ဖြေဆိုခဲ့ပါတယ်။

လက်ရှိ ကချင်စစ်ကိုင်းအစပ်မှာရှိတဲ့ ကသာခရိုင်ထဲက ကသာမြို့နယ်အပါအဝင်၊ထီးချိုင့်မြို့နယ်၊အင်းတော် မြို့နယ်၊ဗန်းမောက်မြို့နယ်တစ်လျှောက် စစ်တပ်နဲ့KIA,PDF ပူးပေါင်းတပ်တွေအကြား စစ်ရေးအရှိန်ပိုမြင့်လာတဲ့အပြင် ထီးချိုင့်မြို့နယ်ထဲမှာတော့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ ခုဆိုရင်တစ်ပတ်လောက်ရှိလာပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button