သတင်း

နမ့်ဆန်မှာ စစ်တပ်ရဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် သားအဖနှစ်ဦးသေဆုံး၊ နေအိမ် ၂၅ လုံး ထိခိုက်ပျက်ဆီး

 ရှမ်းပြည်မြောက်ပိုင်း တ​အောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့သစ်ကြီးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် သားအဖနှစ်ယောက် သေဆုံးခဲ့ပြီးတော့ နောက်ထပ်အရပ်သား၈ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၅ လုံးထိခိုက်ပျက်ဆီး ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မနေ့ည ညပိုင်း ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီကဂျက် လေယာဥ်တစ်စီးနဲ့ ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံးအသုံးပြုပြီးဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းကတာဝန်ရှိသူတစ်ယောက်က အခုလို ပြောပါတယ်။

ဂျက်လေယာဥ်နဲ့လာချတာ ကျမတို့သိသလောက်ဆိုရင် ပေါင်၅၀၀မမ နဲ့လာပစ်သွားတယ် ထိခိုက်သေဆုံး တာရှိတယ် အိမ်တွေလည်းထိတယ် အရပ်သားနှစ်ယောက်သေတာ အဲ့ထဲမှာကလေးတစ်ယောက်ပါတယ် သူတို့နှစ်ယောက်က သားအဖတွေပါ“ လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့ သားအဖထဲက ကလေးငယ်ဟာ အသက် ၁၀ နှစ်ဝန်းကျင်သာရှိသေးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၈ ဦးထဲမှာ အမျိုးသမီး၆ ဦးနဲ့ နောက်ထပ်အမျိုးသား ၂ ဦးပါဝင်ပြီးအဲ့ဒီထဲက ၂ ဦးက အသက်အန္တာရာယ်စိုးရိမ်ရတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ရွာက အရပ်သားတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီး ဒီကနေ့မနက်ပိုင်းအထိကို မြို့သစ်ကြီးရွာထဲက အရပ်သားတွေအားလုံး ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြ ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ နမ့်ဆန်မြို့မှာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာမရှိသလို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိအရပ်သားတွေနေထိုင်တဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ယောက်က သုံးသပ်ပါတယ်။

ကျမတို့သိသလောက် ဒီဗုံးက ရွာထဲကိုကျတာ တောင်ပေါ်က စေတီကုန်းရှုခင်း သာလိုမျိုးလုပ်ထားတာ။ အဲ့မှာကျတာ ကျမတို့စာရင်းပြုစုသလောက်ဆိုရင် ၁၀၂၇ စစ်ဆင်ရေးဖြစ်ကတည်းက နမ့်ဆန်မှာတိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိသေးဘူး အဲ့တာကြောင့်မို့ သူတို့က တမင်သက်သက်ကို အရပ်သားတွေနေတဲ့ရပ်ကွက်ထဲ လာချသွားတာပေါ့နော်လို့ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ မြို့သစ်ကြီးရွာဟာ နမ့်ဆန်မြို့နယ်ထဲကတအာင်းလူမျိုးတွေအများဆုံးနေထိုင်တဲ့ကျေးရွာတစ်ခုဖြစ်ပြီး ကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်စပ်မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီးတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့အထိ တအာင်းအမျိုးသမီးအဖွဲ့အစည်းက လက်လှမ်း မှီသလောက်ပြုစုထားတဲ့စာရင်းတွေအရ ရှမ်းမြောက်တစ်ခွင် အရပ်သားသေဆုံးသူ ၃၇ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၅ ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှမ်းမြောက်စစ်ဆင်ရေးစတင်ပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေနဲ့ နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ အရပ်သား ၂ သိန်းကျော်အထိရှိလာပြီးတော့ အဲ့ဒီပမာဏဟာ ရှမ်းမြောက်စစ်ဆင်ရေးစတင်ပြီး နှစ်ပတ်အတွင်းတိုးလာတဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့အရပ်သားတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button