သတင်း

အင်းတော်နယ် စော်မှော်ချောင်းအနီး စျေးဆိုင်တန်း ဗုံးကျဲတိုက်ခိုက်ခံရပြီး ပြည်သူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် စော်မှော်ချောင်းအနီးကစျေးဆိုင်တန်းကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ အင်းတော်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

အင်းတော်မြို့နယ် မန္တလေးမြစ်ကြီးနား ကားလမ်းမကြီးပေါ်မှာရှိတဲ့ စော်မှော်ချောင်းအနီးက စျေးတန်းတစ်ခုကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ရာကနေ ဗုံးစထိမှန်တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီး နောက်ထပ်အမျိုးသား ၂ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အင်းတော်မြို့နေ အမျိုးသား တစ်ဦးကKNGသတင်းကိုပြောပါတယ်။

ဗုံးကျဲတဲ့နေရာက မန္တလေးမြစ်ကြီးနားလမ်းမပေါ်က စျေးတန်းတစ်ခုမှာရွာတော့မဟုတ်ဘူး အဲ့မှာကားသမားတွေ၊ခရီးသည်တွေအတွက်ဆိုပြီး စားသောက်ဆိုင်တွေ၊ထမင်းဆိုင်တွေဖွင့်ထားတာ ဆိုင်ကယ်ဝပ်ရှော့ကစရှိတယ်။ အဲ့နေရာကိုကျဲသွားတာ အမျိူးသားနှစ်ယောက်ဒဏ်ရာရသွားတယ် အမျိုးသမီးကတော့ပွဲချင်းပြီးပဲလို့ ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးဟာ အသက် ၃၀ ကျော်လောက်ရှိပြီး သုံးဘီးနဲ့ခရီးသွားနေရင်း ဗုံးကျည်စထိသွားတာလို့ သိရပေမယ့် သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေကိုတော့ အသေးစိတ်မသိရသေးပေ။

သူတို့သုံးယောက်လုံးက ခရီးသွားတွေဆိုတော့ သေဆုံးသွားတဲ့ အမျိုးသမီးလည်းဘယ်သူဘယ်ဝါ ဆိုတာစုံစမ်းနေတုန်း ပဲလို့သူကဆက်ပြောပါတယ်။

အဲ့ဒီဂျက်ဖိုက်တာဟာ စော်မှော်ချောင်းအနီးက စျေးတန်းပေါ်ကခြောက်ကြိမ်ပတ်ဝဲပျံခဲ့ပြီး ဗုံးသီး ၁၀ လုံး ထက်နည်းကျဲချခဲ့တဲ့အပြင် လေယာဥ်ပေါ်ကနေ စက်သေနတ်တွေနဲ့လည်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ခုလိုလေယာဥ်နဲ့ဗုံးကျဲခဲ့တာကြောင့် အရပ်သား တွေသေဆုံးထိခိုက်မှုရှိတဲ့ခဲ့အပြင် စားသောက်ဆိုင်ငယ်တစ်ခုလည်းဗုံးသီးထိမှန်ပြီး မီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေကဆိုပါတယ်။

လေယာဥ်ဗုံးကျဲမှုကြောင့် ခရီးသည်တွေနဲ့ စော်မှော်ချောင်းမှာနေထိုင်တဲ့စျေးဆိုင်ခန်း ပိုင်ရှင်တွေ၊ဝန်ထမ်းတွေလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိစော်မှော်ချောင်းစျေးတန်းမှာ စစ်ကောင်စီစစ်သားအင်အား ၇၀ ကျော်ကဝင်ရောက်တပ်စွဲနေတယ်လို့  သိရပါတယ်။

စစ်ကောင်စီဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ စျေးဆိုင်တန်းဟာ အင်းတော်မြို့နဲ့ ၆ မိုင်အကွာမှာတည်ရှိတာဖြစ်ပြီး အိမ်ခြေ ၁၀ လုံးကျော်နဲ့ စျေးဆိုင်ဖွင့်လှစ်ထားတဲ့ပြည်သူတွေသာ နေထိုင်ကြတယ်လို့သိရပါတယ်။

အင်းတော်မြို့နယ်ဟာ စစ်ကိုင်းကချင်အစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး လတ်တလော စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ LPDFနဲ့ ကျောင်းသားတပ်မတော် ABSDF တို့အကြား စစ်ရေးတင်းမာနေတဲ့နေရာလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button