သတင်း

အင်းတော်မှာ ရွာသားတွေကိုအကာကွယ်ယူပြီး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ABSDF  သွားရောက်တိုက်ခိုက်

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာ ဘုန်းကြီးကျောင်းတွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကျောင်းသားတပ်မတော် ABSDF ဒီမနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နန့်သာကျေးရွာထဲမှာ ဒီနှစ်မတ်လကတည်း ဝင်ရောက်တပ်စွဲနေတဲ့  တပ်မ ၇၇ လက်အောက် စစ်အင်အား ၃၀ ကျော်ကို နိုဝင်ဘာ ၂၂ရက်နေ့ မနက် ၁ နာရီခွဲမှာ ABSDF ဘက်က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့အောင်းကုန်းကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ 

မနက်က တစ်နာရီခွဲကြီးမှာဝင်ပစ်သွားတာ စခန်းသိမ်းပုံစံမျိုးတော့မဟုတ်ဘူး ပစ်ပြီးပြန်ဆုတ်သွားတယ်။ စကစဘက်က သုံးလေးယောက်ထိသွားတယ်တဲ့ အော်သံတွေကြားရလို့ပါ့။ ပစ်တာသိပ်တော့မကြာဘူး မိနစ်သုံးဆယ် ကျော်ကျော်လောက်ပဲကြာတယ်။ ဒီဘက်ကျောင်းသားတပ်ဘက် ကပြန်ဆုတ်ပေးလိုက်တာ ဟိုဘက်ကထိတာတော့သေချာတယ် ပြာယာတွေခတ်နေတာတဲ့လို့ပြောပါတယ်။ 

ABSDF တပ်ဘက်က အလစ်အငိုက်ဝင်ပစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပေမယ့်  သေဆုံးမှုရှိ မရှိကိုတော့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ နန့်သာရွာဘုန်းကြီးကျောင်းအပါအဝင် ဘုန်းကြီးကျောင်းအနီးက လူနေအိမ်တွေမှာ ရွာသားတွေကိုအကာကွယ်ယူတပ်စွဲထားတာဖြစ်ပြီး ဒီကနေ့မနက်တိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာ‌ ကြောင့် အရပ်သားထိခိုက်တာမရှိပေမယ့် လူနေအိမ်တစ်ချို့ထိခိုက်ပျက်စီးတာတွေတော့ရှိသွားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် နန့်သာကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေရှိ နေဆဲဖြစ်ပြီး စစ်ကြောင်းဝင်ရောက်တုန်းက ထွက်ပြေး

ခွင့်မရလိုက်ပဲ ပိတ်မိသွားတဲ့ ဒေသခံပြည်သူ ၂၀၀ ကျော်လည်း ဒီနေ့ထိပိတ်မိနေကြဆဲ ဖြစ်ပါတယ်။ 

စစ်သားတွေက နည်းနည်းလေးပဲ အခု ၃၀ ကျော်ကျော်ပဲကျန်တယ်။ ဒါပေမယ့် ပိတ်မိသွားတဲ့အရပ်သားတွေကိုအကာအကွယ်ယူပြီးနေနေတာ။အဲ့မှာရွာသားတွေကိုလည်းဘုန်းကြီး ကျောင်းထဲခေါ်စုပြီးရောနေတော့ ဒီဘက်လူတွေက အရမ်းကြီးသွားလုပ်လို့မရဘူးဖြစ်နေတာလို့ အောင်းကုန်းကျေးရွာနေ အမျိုးသားကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဟာ ပိတ်မိနေတဲ့အရပ်သားတွေကို နာမည်စာရင်းတွေကောက်ယူထားပြီး စစ်အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်ကာ ရိုက်နက်၊နှိပ်စက်ခံရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

လက်ရှိ နန့်သာကျေးရွာမှာရောက်နေတဲ့ တပ်မ ၇၇ အောက်စစ်ကြောင်းဟာ ဒီနှစ်မတ်လကတည်းကနေဝင်ရောက်တပ်စွဲနေတာကြောင့် နန့်သာကျေးရွာကဒေသခံတစ်ချို့နဲ့ နန့်သာရွာအနီးကရွာပေါင်း ၁၀ ရွာကျော်က ပြည်သူတွေလည်း ဒီကနေ့ထိ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

စစ်ကိုင်းကချင်အစပ်မှာရှိတဲ့ အင်းတော်မြို့နယ်ဟာ ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့အပြင်  အင်းတော်မြို့နယ်ထဲက ပြည်သူတွေကို စစ်တပ်က စစ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်နေတာ ခုဆိုရင် တစ်နှစ်‌ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button