သတင်း

လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်လိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံပြည်သူတွေ အစစအရာရာခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်ထားလိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံ ပြည်သူတွေဟာ လုံခြုံရေးနဲ့စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြရတယ်လို့ နမ်ဖတ်ကာပြည်သူတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီးလားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ  သွားလာခွင့်ပိတ်ထားတဲ့အတွက် တခြားဒေသကို ထွက်ပြေးတိမ်းရှောင်ဖို့ခက်တဲ့ နမ့်ဖတ်ကာဒေသခံတွေဟာ အရေးပေါ်ဖျားနာ လာရင်သွားလာနိုင်ဖို့ခက်ခဲနေသလို စစ်ဖြစ်လာရင်လည်း ထွက်ပြေးဖို့ခက်ခဲတာကြောင့် ကတုတ်ကျင်းတူးပြီးပဲ နေနေရတယ်လို့ ဆိုပါတယ်။

“စစ်တပ်နဲ့နီးတဲ့ အိမ်တွေက ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေတယ်။ အခုကလမ်းတွေပိတ်ထားတော့ နမ့်ဖတ်ကာထဲကရွာသားတွေ တော်တော်ခက်တယ်။ အစားအသောက် ဝယ်ယူစားသောက်ဖို့နေရာတွေမရှိတော့ဘူး။ ပြီးရင် လမ်းတွေပိတ်လိုက်တော့ ကျမတို့က အခြားနေရာတွေဆီ ပြေးလို့လည်း မရတော့ဘူး။ဘယ်ကိုမှသွားလို့မရတော့ အသက်ကြီးရွယ်အိုတွေက ဘယ်မှပြေးလို့မရဘူး။” ဟုနမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးစတင်ခဲ့တဲ့နောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်ကတော့ နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်နဲ့နီးတဲ့ အိမ်တွေကို ခဏတိမ်းရှောင်ဖို့သတိပေးညွှန်ကြားထားတာရှိတာကြောင့် ဒေသခံတချို့ကနီးစပ်တဲ့ကျေးရွာတွေရှိ ဆွေမျိုးအိမ်တွေနဲ့တောင်ယာစိုက်ခင်းတွေထဲ တိမ်ရှောင်နေကြတာတွေရှိပေမယ့် အများစုကတော့ထွက်ပြေးတိမ်းရှောင်ဖို့ နေရာမရှိတာကြောင့် ကျေးရွာအတွင်းမှာပဲကတုတ်ကျင်းတူးပြီး သတိနဲ့နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

နမ့်ဖတ်ကာရွာဟာ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ရွာဖြစ်တာကြောင့် ခုလိုကားလမ်းမကြီးပိတ်လိုက်တဲ့နောက် နမ့်ဖတ်ကာရွာသားတွေဟာ မူဆယ်ဘက်ကိုလည်းတက်လို့မရသလိုကွတ်ခိုင်ဘက်ကိုလည်း ဆင်းလို့မရဘဲ အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့အပြင် ကုန်ဈေးနှုန်းလည်း နှစ်ဆမြှင့်တက်နေတာကြောင့်လည်းအများစု စားဝတ်နေရေးအတွက် ခက်ခဲနေတယ်လို့ သိရပါတယ်။

လက်ရှိ နမ့်ဖတ်ကာကျေးရွာမှာ ဆန်တစ်ပြည် ၅,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ဝန်းကျင်တက်သွားပြီး ဆန်တစ်အိတ်ကို ၁၅၀,၀၀၀ ကျပ်နဲ့ ဝယ်ယူရတယ်လို့ ပြောပါတယ်။

ခရမ်းချဉ်သီးတစ်ပိဿာ ကျပ် ၁၀,၀၀၀ ၊ ကြက်သွန်ဖြူတစ်ပိဿာ ၇,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ်၊ စားသုံးဆီ ၃ ပိဿာပါတဲ့ ဘူးတစ်ဘူးကို ၂၀,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်အထိ ဈေးတက်သွားတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက  ပြောပါတယ်။

“တိုက်ပွဲအတွင်း စစ်တောင်မရှောင်နိုင်သေးဘူး။ အခုလက်ရှိ မိသားစုများတဲ့အိမ်ထောင်တွေက များဆိုတော့ အဲ့လိုအိမ်တွေဆို နေ့စဉ်စားဖို့သောက်ဖို့က ဖြေရှင်းနေရတာနဲ့ တစ်နေ့လုပ် တစ်နေ့စား သူတွေအတွက်က ပိုပြီးတော်တော်ခက်ခဲတယ်။ နေ့စားသွားလုပ်ဖို့ နေရာလည်းမရှိ”လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ နမ့်ဖတ်ကာပြည်သူတွေအနေနဲ့ လယ်စပါးရိတ်သိမ်းချိန်ရောက်နေပေမယ့် တိုက်ပွဲကြောင့် စပါးရိတ်သိမ်းယူနိုင်ခြင်းမရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း နမ့်ဖတ်ကာ ခလရ(၁၂၃)တပ်ကလည်း လက်နက်ကြီးပုံမှန်ပစ်ခတ်လျက်ရှိနေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုလည်း ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။

နမ့်ဖတ်ကာကျေးရွာဟာ မူဆယ်မြို့နဲ့ ၃၃ မိုင်ကွာဝေးကာ တစ်နာရီကျော်သွားရပြီး ကွတ်ခိုင်မြို့နဲ့ ၂၇ မိုင်လောက် ဝေးတဲ့နေရာမှာတည်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး အိမ်ခြေ ၁,၀၀၀ ကျော်ရှိပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button