သတင်း

နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူနေအိမ်ထဲက တန်ဖိုးရှိပစ္စည်းများ ယူဆောင်နေ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူနေအိမ်တွေထဲ ဝင်ရောက်မွေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများနဲ့ ရွှေ၊ငွေတွေကို ယူဆောင်တာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေပြောပါတယ်။

နမ့်ခမ်းနဲ့ မူဆယ်တစ်ဝိုက် တိုက်ပွဲပြင်းထန်နေတဲ့အပြင် နမ့်ဖတ်ကာဘက်မှာလည်း စစ်တပ်ကလုံခြုံရေးတင်းကြပ်ထားပြီး နေ့တိုင်းဆိုသလိုကျေးရွာတစ်ဝိုက် လုံခြုံရေးယူရင်း ပြည်သူနေအိမ်တွေဆီ ဝင်ရောက်စီးနင်းကာ တန်ဖိုးရှိ ပစ္စည်းများ ၊ ရွှေ၊ ငွေ တွေကို ယူသွားတာတွေလုပ်ဆောင်နေတယ်လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

ရွာထဲမှာလုံခြုံရေးယူပြီး လျှောက်ပတ်သွားတဲ့ စစ်ကောင်စီတပ်သားတွေက ရွာထဲ သူတို့ဝင်ချင်တဲ့အိမ်ဝင်ပြီး ရွှေ၊ ငွေ၊ ဖုန်းတွေ အားလုံးယူယူသွားပေးတာ။ ညဘက် သူတို့ ကင်းလှည့်ပြီး တပ်ထဲပြန်ဝင်ဖို့ ပြန်လာတဲ့အချိန် သူတို့ကြည့်ပြီး အိမ်ရွေးပြီးဝင်တယ်။ နည်းနည်းရှိမလိုအိမ်ဆို ဝင်ပြီး အိမ်ရှင်တွေကိုက အိမ်ပြင်မှာ ရပ်ထားခိုင်းပြီး သူတို့ကြိုက်သလို ဝင်မွေပြီး တန်ဖိုးရှိပစ္စည်းအားလုံး ယူသွားတာ။ လို့ပြောပါတယ်။

ဒါ့အပြင် လမ်းပိုင်းမှာလည်း အလုပ်ကနေပြန်လာသူတွေ၊ဆိုင်ကယ်၊ ကားနဲ့ ပြန်လာသူတွေဆီက ကြုံရင်ကြုံသလို တားဆီးကာ ရှာဖွေတာတွေပြုလုပ်ပြီး ငွေတွေအတင်းအဓ္ဓမလုယူတာတွေလည်း ရှိနေတယ်လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက နမ့်ဖတ်ကာထဲက အိမ်တစ်အိမ်မှာဆိုရင် အိမ်ရှင်တွေ အိမ်ဆောက်ဖို့လျာထားတဲ့ တရုတ်ယွမ်ငွေ ၂ သိန်း ( မြန်မာကျပ်ငွေ သိန်း ၁ ထောင်နီးပါး) ကို စစ်တပ်က ယူဆောင်သွားကြောင်း သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ခလရ ၁၂၃ တပ်စခန်းရှေ့က နေအိမ်တစ်ခုမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ဖုန်းတွေ၊ ရွှေနဲ့ ငွေတွေ ကျောက်စိမ်းလက်ကောက်လိုဟာမျိုးတွေ တွေ့သမျှ အားလုံး ယူသွားကြောင်း ဒေသခံတွေ ပြောပါတယ်။

သူတို့က ရွာထဲမှာ လုံခြုံရေးယူတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ အဲ့လိုရွာသားတွေရဲ့ အိမ်တွေထဲ ဓားမြလို့ လုပ်နေကြတာပေါ့။ တချို့ သတ္တိရှိလို့ ရဲရဲပြန်သွားတောင်းရင်လည်း နည်းနည်းပဲ ပြန်ရခဲ့တာပေါ့။ အဲ့ဒီ ခလရ ၁၂၃ တပ်စခန်းရှေ့က အိမ်ဆို တပ်ထိပြန်သွားတောင်းတာ ပိုက်ဆံတွေတော့သုံးလိုက်ပြီ ဆိုပြီး ပစ္စည်းအနည်းအကျဉ်း အဲ့ဒီ ကျောက်စိမ်းလက်ကောက်လောက်ပဲ ပြန်ရခဲ့တာမျိုးပေါ့။လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။

ခုလို လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်သားတွေက နမ့်ဖတ်ကာထဲက စကခ တပ်မ ၁၇ အောက်က တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ အင်အား ၂၀ ကျော်၊ ၃၀ ခန့် နဲ့ ပုံမှန် အုပ်စုခွဲပြီး နေ့တိုင်း ကားလမ်းမတစ်လျှောက်နဲ့ နမ့်ဖတ်ကာရပ်ကွက် ၁ ကနေ ရပ်ကွက် ၄ အထိ လှည့်ပတ်သွားလာလျက်ရှိကြောင်း သိရပါတယ်။

အခုအဲ့လိုဖြစ်စဉ်တွေ ကြုံနေရတာ ကျမလုံး၀အတိအကျ သိရတာဆို ၅ အိမ်လောက်ရှိပြီ။ ကျမ မသိမကြားသေးတာတောင် ဘယ်လောက်ထိရှိသေးမလဲ မသိဘူး။ လမ်းမှာလည်း ဆိုင်ကယ်နဲ့ဆင်းလာချိန် ရွာသားဆီက ၇ သိန်းလည်း ယူသွားသေးတယ်။ အခုကျမတို့ နမ့်ဖတ်ကာဒေသခံတွေက သူတို့လက်နက်ကြီး ပစ်ခတ်တာဘယ်မှာ ကျရောက်ပေါက်ကွဲမလဲ ကြောက်ရတာကတစ်မျိုး၊ အခုလို အိမ်တွေထဲ ဝင်ရောက်မွေနှောက်မှာလည်း စိုးရိမ်ရနဲ့ ပူပန်မှုပေါင်းစုံပဲ။လို့ နောက်ထပ်နမ့်ဖတ်ကာဒေသခံအမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကျေးရွာထဲက ရွာသားတချို့ကို လူသားဒိုင်းဖမ်းဆီးခေါ်ဆောင်တာတွေလည်းရှိနေတယ်လို့ ဆက်လက်သိရပါတယ်။

လက်ရှိ မူဆယ်၁၀၅ မိုင်တစ်လျှောက်နဲ့ နမ့်ခမ်းဘက် စစ်ကောင်စီတပ်စခန်းတွေကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေမြဲဖြစ်ပြီး တိုက်ပွဲဆက်တိုက်ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ နမ့်ဖတ်ကာ နဲ့ နမ့်ခိုင်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်လာမှာ စိုးရိမ်တာကြောင့် လက်နက်ရိက္ခာဖြည့်တင်းတာတွေ စစ်သားအင်အားနဲ့ ကျေးရွာပတ်ပတ်လည် လုံခြုံရေးယူတာတွေ တင်းကြပ်စွာလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဒ့ါအပြင် နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက လက်နက်ကြီးနေရာတကာကို ပုံမှန်ပစ်ခတ်လျက်ရှိတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button