သတင်း

ထီးချိုင့်မြို့လက်မလွတ်ရေး စစ်တပ်က အစွမ်းကုန်ခုခံနေ

ကချင်စစ်ကိုင်းအစပ်မှာရှိတဲ့ ထီးချိုင့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ ခုဆိုရင်တစ်လနီးပါးရှိလာပြီး စစ်တပ်ဘက်ကလည်း ထီးချိုင့်မြို့ လက်မလွတ်ရေး မီးကုန်ယမ်းကုန် ခုခံနေတာလည်းဖြစ်ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ ကောလင်းမြို့ကိုတိုက်ခိုက်သိမ်းယူလိုက်တဲ့ KIA,PDF တွေက နောက်ထပ် ထီးချိုင့်မြို့ကို ထပ်ပြီးသိမ်းယူဖို့ နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး နိုဝင်ဘာလ ၁၅ ရက်နေ့မှာတော့ ကာကွယ်ရေးတပ်တွေဘက်က ခနတာအပစ်ရပ်ခဲ့ပါတယ်။

ဒါပေမယ့် နိုဝင်ဘာလနောက်ဆုံး အပတ်ကနေကစပြီး KIA,PDF ဘက်က ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပိုပြီးပြင်းထန်လာသလို စစ်တပ်ဘက်ကလေကြောင်းအဓိကအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့လည်း KIA,PDF နီးစပ်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

ထီးချိုင့်လက်ရှိအခြေနေကတော့ တိုက်ပွဲက ဖြစ်လိုက်ပြန်နားလိုက် လေယာဥ်လာလိုက် ပြန်ခွာလိုက်ပေါ့။ သူတို့က တစ်ရက်ကိုလေယာဥ် ၂ စီးလောက်လာပြီးတော့ ပစ်တယ် မနေ့ကတော့ ဒေသခံကာကွယ်ရေးတပ်ဘက်က တစ်ယောက်ကျတယ်။ ထီးချိုင့်မြို့ထဲမှာတော့ စစ်ကောင်စီဘက်က မြသိန်းတန်တောင်ပေါ်မှာအထိုင်ချထားတဲ့ စခန်းတစ်ခုသာ ကျန်ရှိတော့တာဖြစ်ပြီး အဲ့ဒီစခန်းမကျရေးအတွက် စစ်တပ်ဘက်က ခုခံနေတာ ထီးချိုင့်မြို့တစ်ခု လုံးလည်း ပျက်ဆီးနေပြီလို့ ပြောပါတယ်။ 

တစ်လနီးပါးကြာမြင့်လာတဲ့ မြို့သိမ်းတိုက်ပွဲမှာ KIA,PDF ဘက်က ထီးချိုင့်မြို့တစ်ခုလုံးသိမ်းယူနိုင်ဖို့ မြို့တွင်းစခန်းတစ်ခုသာကျန်ရှိတော့တဲ့အတွက် မြို့သိမ်းတိုက်ပွဲအောင်မြင်ဖို့ လက်တစ်ကမ်းအလိုမှာရှိနေတာ လည်းဖြစ်ပါတယ်။

လက်ရှိချိန် နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့တိုင်းဆိုသလိုဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက် နေတဲ့အတွက် ဒီဇင်ဘာလ ၅ ရက်နေ့ မနေ့ကတိုက်ပွဲမှာတော့ ကာကွယ်ရေးတပ်ဘက်က တစ်ယောက်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ခုခံစစ်အနေနဲ့သာရှိနေတော့တဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲအတွင်းတစ်ရက်ကို လေကြောင်း ၂ ကြိမ်ထက်မနည်းအသုံးပြုပြီး ပစ်ခတ်နေတာကိုကြည့်ခြင်းအားဖြင့် စစ်တပ်ဘက်က မြေပြင်ခံစစ်မှာ အခြေနေအရမ်းဆိုးရွားနေတဲ့အကြောင်း သက်သေပြနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိုက်ပွဲဒီထက်မက ရက်ရှည်လာမယ်ဆိုရင် စစ်တပ်ဘက်က မြေပြင်မှာ အချိန်ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ 

သူတို့ကတော့ မြေပြင်မှာ သူတို့မနိုင်လို့လေကြောင်းပဲပစ်ကူပေးနေရတယ်။ မြေပြင်အနေအထားမှာ သူတို့ ဘယ်လိုမှတောင့်မခံနိုင်ဘူး လေကြောင်းတစ်ခါသုံးဖို့ဆိုရင် ပိုက်ဆံအများကြီးသုံးရတယ်။ အဲ့တာကြောင့် လေကြောင်းမဖြစ်မနေသုံးနေတာကိုကြည့်တာနဲ့ သူတို့မြေပြင်မှာအချိန်ကြာကြာတော့ တောင့်ခံနိုင်မှာမဟုတ်တော့ဘူးလို့ ထီးချိုင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က တာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။ 

လက်ရှိထီးချိုင့်မြို့ဟာ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့တစ်ခုလုံး ဖွတ်ဖွတ်ကြေနေပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကဆိုပါတယ်။ 

ထီးချိုင့်မြို့ဟာ ကချင်စစ်ကိုင်းအဆက်မှာရှိပြီး ဆက်သွယ်ရေးလမ်းပိုင်းအတွက်အရေးကြီးတဲ့မြို့ဖြစ်သလို စစ်ရေးအရအလွန်အရေးပါတဲ့ ဒေသဖြစ်တဲ့အတွက် ထီးချိုင့်မြို့ကို လက်မလွှတ်ရရေးအတွက်စစ်တပ်ဘက်ကရတဲ့ နည်းနဲ့တောင့်ခံနေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က သုံးသပ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button