သတင်း

ဝိုင်းမော်မှာ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှာ ဦးရွှေမင်း ဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လီဆူအမျိုးသားတစ်ယောက် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့အမျိုးသားဟာ အသက် ၄၀ နှစ်ရွယ် လာဆာရူးခေါ်သူဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်မှာ အင်လုန်ခ(N-Lung Hka)တံတားပေါ်မှာ တပ်ချထားတဲ့ လီဆူပြည်သူ့စစ်တပ်စခန်းကနေ ပြည်သူတွေရှိတဲ့ ရွာထဲကို လက်နက်ပစ်ခတ်လိုက်တာကြောင့် သေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အောင်မြေ(၁) ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

“မနေ့က မနက်ပိုင်း ၄ နာရီလောက်မှာက လက်နက်သံတွေအရင်ကြားရတယ်။ ရွာထဲမှာ ပစ်ခတ်မှုအရင်ဖြစ်ပွားခဲ့တာ ဟုတ်တယ်။ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ ပြည်သူ့စစ်စခန်းကနေ လက်နက်ကြီးပစ်တာမရှိသေးဘူး။ ၆ နာရီလောက်မှ ဘယ်ကိုချိန်ပစ်လိုက်တာလဲမသိဘူး ရွာထဲကို ကျပြီးတော့ လီဆူအမျိုးသားတစ်ယောက် နွားခုတ်သတ်ဖို့ လုပ်နေတဲ့ နေရာမှာ လက်နက်ကြီးကျကွဲသွားလို့ လူက တစ်စစီဖြစ်သွားတယ်လို့ပြန်သိရတယ်”လို့ပြောပါတယ်။

လီဆူပြည်သူ့စစ်တပ်ဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ အောင်မြေ(၁) ရွာထဲ လီဆူလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ရပ်ကွက်ထဲကျမှန်ခဲ့တာဖြစ်ပြီး လီဆူအမျိုးသားတစ်ယောက် အသက်သေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီသေဆုံးမှုမတိုင်မှီ မနက်ပိုင်း ၄ နာရီလောက်ဝန်းကျင်မှာ အောင်မြေ(၁) လီဆူပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်တပ်မတော် KIA အဖွဲ့က လမ်းဖြတ်သွားရင်း တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာရှိခဲ့ပြီး တစ်နာရီခွဲအကြာလောက်မှ ပြည်သူ့စစ်စခန်းက တန်ပြန်ပစ်ခတ်မှုလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနေ့က တိုက်ပွဲဖြစ်တာမျိုးတော့ မဟုတ်ဘူး မနက်ကတည်းကနေ လက်နက်သံတွေက ကြားရတယ်။ ဘယ်ဘက်မှာ ဘယ်လိုဖြစ်နေလဲ အားလုံးလည်း သေချာမသိလိုက်ရဘူး။ ဒါပေမယ့် KIA ဘက်ကအရင်လာပစ်တယ်လို့တော့ ပြန်ကြားရတယ်။ အဲနောက်ပိုင်း ပြည်သူ့စစ်တပ်စခန်းက ပြန်ပစ်တယ်လို့ ပြောနေကြတယ်”လို့ နောက်ထပ် အောင်မြေ(၁) ဒေသခံအမျိုးသားတစ်ယောက်ကပြောဆိုတာဖြစ်ပါတယ်။

ပစ်ခတ်ခံရတဲ့ လီဆူပြည်သူ့စစ်တပ်စခန်းနေရာဟာ အများပြည်သူသွားတဲ့ ကားလမ်းမကြီးပေါ်မှာ ဂိတ်ချထားပြီး လမ်းသွား လမ်းလာပြည်သူတွေကို သွားလာရေးကန့်သတ်တာတွေ၊ စစ်ဆေးရေးတင်းကြပ်တာတွေ ပုံမှန်လုပ်ဆောင်နေတာကြောင့် KIA အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝိုင်းမော်ဒေသမှာ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ လီဆူလူမျိုးတွေကို တပ်သားစုဆောင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတာတွေ၊ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေဟာ နေအိမ်အတွင်းမှာပဲ ရှိနေကြတဲ့ အချိန်လည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဝိုင်းမော်မြို့နယ်ထဲမှာ ဦးရွှေမင်း လီဆူပြည်သူ့စစ်တပ်စခန်းရှိတဲ့ နေရာတွေ မကြာခဏ ပစ်ခတ်ခံရမှုဖြစ်ပွားနေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button