သတင်း

လောက်ကိုင်ကနေ နေရပ်ပြန်လာသူတစ်ချို့ MNDAA ရဲ့ တပ်သားသစ်အဖြစ်ဖမ်းဆီးခံနေရ

ရှမ်းမြောက် လောက်ကိုင်ကနေ နေရပ်ပြန်လာတဲ့ပြည်သူတစ်ချို့ ကိုးကန့်တပ် MNDAA ရဲ့ တပ်သားသစ်အဖြစ်ဖမ်းဆီးခံနေရတာတွေရှိနေတယ်လို့ ဖမ်းဆီးခံရာကနေ ပြန်ပြီးလွတ်မြောက်လာသူတွေက ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာစတင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လကျော်အကြာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ လောက်ကိုင်မြို့ကိုသိမ်းပိုက်တော့မယ်အကြောင်း ကိုးကန့် MNDAA က ထုတ်ပြန်ခဲ့တဲ့အပြင် လောက်ကိုင်မြို့ထဲမှာတော့ သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ မြို့တွင်း ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မြောက်ပိုင်းညီနောင်မဟာမိတ်တွေက ပိတ်မိနေသူတွေအားလုံးကို နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး နေရပ်ပြန်ခွင့်ပေးပြီးလမ်းဖွင့်ပေးခဲ့တဲ့အတွက် အနယ်နယ်အရပ်ရပ်ကနေ အလုပ်လာလုပ်ရင်း မြို့ထဲပိတ်မိနေတဲ့သောင်းနဲ့ချီပြည်သူတွေဟာ နေရပ်ပြန်လာခဲ့ကြပါတယ်။

သို့သော် အဲဒီနေရပ်ပြန်ပြည်သူတွေထဲက လူငယ်လူရွယ်တစ်ချို့ကတော့ ကိုးကန့် MNDAA ဘက်က လမ်းခုလတ်မှာတင် တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေတယ်လို့ ဖမ်းဆီးခံရာကနေ လွတ်မြောက်လာတဲ့ လားရှိုးဒေသခံတစ်ယောက်က ခုလိုပြောပါတယ်။

ဂိတ်မှာ စစ်မေးပြီး လူမျိုးတွေခွဲလိုက်တယ် တိုင်းရင်းသားသပ်သပ် ဗမာသပ်သပ် တရုတ်သပ်သပ် သူတို့သုံးဖွဲ့ခွဲလိုက်တယ် တိုင်းရင်းသား ဆိုရင် တစ်ခါထဲအထဲဝင်ခိုင်းပြီးတော့ ဆိုင်ကယ်တွေသိမ်းပြီးတော့ ကားပေါ် တင်ပြီး ၁၂ ဘီးကားကြီးနှစ်စီးပေါ်တက်ခိုင်းတယ်။ အဲကားပေါ်တက်ပြီးကျွန်တော်တို့ကိုခေါ်သွားတာဘဲဗျ ကျွန်တော်တို့ကိုပြန်ပို့ပေးသလိုလို ဘာမှမပြောဘဲ သူတို့ရဲ့စခန်းကိုခေါ်သွားတာဗျလို့ပြောပါတယ်။

လောက်ကိုင်ကနေ နေရပ်ပြန်သူတွေဟာ  ဝပြည်ချင်းရွှေဟော်ဘက်ကနေ ဝပြည်နန့်သစ်ဘက်လမ်း၊ သိန္နီ– ကွမ်းလုံဘက်ကလမ်း နမ်းဇလပ်တောလမ်းကနေ လားရှိုးဘက်ကို ပြန်ကြရာကနေ လမ်းတစ်လျှောက်မှာ တပ်သားသစ် စုဆောင်းခံရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သူထဲမှာ အသက် ၂၀ နဲ့ အသက် ၃၀ ကြားမှာရှိတဲ့ လူငယ်လူရွယ်တွေအများဆုံးဖြစ်ပြီး ဖမ်းဆီးထားတဲ့သူတွေဟာ သောင်းချီရှိသလို မိန်းကလေးငယ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကိုးကန့် MNDAA တပ်တွေဟာ နေရပ်ပြန်တဲ့ပြည်သူတွေထဲက အသက်အရွယ်ကောင်းတဲ့ လူငယ်တွေကို အဓိကဖမ်းတာဖြစ်ပေမယ့် နာမကျန်းသူနဲ့ ဗမာတိုင်းရင်းသားတွေကို ပြန်လွတ်ပေးခဲ့တယ်လို့ လားရှိုးဒေသခံတစ်ယောက်က ဆိုပါတယ်။

ကျွန်တော် ပြန်လည် လွတ်မြောက်လာတာကတော့ တစ်ယောက်နဲ့ တစ်ယောက်နဲ့ တစ်ယောက်လွတ်မြောက်လာတာချင်းမတူဘူးဗျ တချို့ကြပြန်တော့ လည်း ကျန်းမာရေးမကောင်းလို့ ပြန်လွတ်ပေးလိုက်တယ်။ တချို့ကြတော့လည်း ဗမာတွေပါလို့ ပြန်လွတ်ပေးလိုက်တယ်ဗျ ကျွန်တော့မှတ်မိတာကတော့ ၃၀ ယောက်လောက်ရှိမယ်ထင်တယ်ဗျ” လို့‌ ပြောပါတယ်။

လက်ရှိမှာလမ်းမှာပိတ်မိနေသူတွေ တစ်သောင်းဝန်းကျင်လောက်ရှိနေနိုင်ပြီး များသောအားဖြင့် လမ်းစရိတ်စက ကြီးတဲ့အတွက်နေရပ်ကိုအမြန်မပြန်နိုင်ဘဲ ဝပြည်စစ်ရှောင်စခန်း ဘက်ကိုရှောင်ပြေးနေရတဲ့သူတွေလည်းရှိတယ်လို့နေရပ်ပြန်ရောက်လာသူတွေဆီက သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း အိုးအိမ်စွန်ခွာထွက်ပြေးခဲ့ရတဲ့စစ်ဘေးရှောင်ဒုက္ခသည် ၂ သိန်းထပ်မံတိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်း မှုရုံး OCHAက နိုဝင်ဘာ ၁၇ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

By – Hope

Show More

Related Articles

Back to top button