KIO တိုက်နယ် အုပ်ချုပ်ရေးမှူး နဲ့ ဒုတပ်ကြပ်တို့ နှစ်ဦး TNLA မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံး
ရှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး( Mong Wee) အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ KIO နမ့်ဖတ်ကာအုပ်ချူပ်ရေး တိုက်နယ်အဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက်နေ့ ၊ KIA တပ်မဟာ ၄ တပ်ရင်း ၈ ထဲက ဒုတပ်ကြပ် တစ်ဦး နဲ့ မိုင်းဝီး KIO တိုက်နယ်အုပ်ချူပ်ရေးမှူး တို့ ၂ ဦးဟာ မိုင်းဝီးဘက်ကိုသွားတဲ့ လမ်းထက်ဝက် မွန်းလွဲပိုင်း ၃ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
KIO တိုက်နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ခံနဲ့ ဒုတပ်ကြပ် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းပေးပို့ချက်ကို တွေ့ရပေမယ့် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောပါတယ်။
“ဒီသတင်းကျနော်တို့လည်း ကြားသိရပါတယ်။ ဒါပေမဲ့ ဘယ်လောက်ထိ တိကျမှန်ကန်တယ်ဆိုတာတော့ တိတိကျကျ မသိရှိရသေးဘူး။ ဒါကြောင့် ကျနော်တို့လည်း ဒီဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်”လို့ ပြောပါတယ်။
သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၆ ရက်နေ့ရက်စွဲ နဲ့ KIO နမ့်ဖတ်ကာအုပ်ချူပ်ရေးတိုက်နယ်ကနေ KIO တောင်ပိုင်းတိုင်းစစ်ဌာနချူပ်ကို တင်ပြတဲ့ထဲမှာတော့ သေဆုံးသူ နှစ်ဦးဟာ မိုင်းဝီးဒေသ ပန်ကနိုင်း KIO တိုက်နယ်အုပ်ချူပ်ရေးမှူး နဲ့ တပ်ရင်း ၈ ဒုတပ်ကြပ်ကြီးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ နှစ်ဦးဟာ မိုင်းဝီးအနီးတဝိုက် နေရာယူနေတဲ့ TNLA တပ်ဖွဲ့တွေထံ သတင်းပေးဖို့ ဆိုင်ကယ်နဲ့ တက်လာတဲ့ချိန် မိုင်းဝီး မရောက်ခင် ခလွမ် (Hkalum) နဲ့ ပန်ဟန်း( Pang Hang) ကြားမှာ TNLA တပ်ဖွဲ့ဘက်က ရီမုတ်မိုင်း နဲ့ မိုင်းခွဲလိုက်တာလို့ ဆက်လက်ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး TNLA ရေးရဲဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးတားအိုက်ကျော်ကို KNG သတင်းဌာနဘက်က သုံးကြိမ်တိုင်တိုင် ဆက်သွယ်ခဲ့ပေမယ့် ဗိုလ်မှူကြီးတားအိုက်ကျော် အလုပ်မအားသေးတဲ့အကြောင်း ပြောရဲဆိုခွင့်အဖွဲ့ဘက်က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမယ့် လေးကြိမ်မြောက် ဆက်သွယ်ခဲ့ရာမှာတော့ ဗိုလ်မှူးကြီးတားအိုက်ကျော် မအားတဲ့အတွက် TNLA ပြောရဲဆိုခွင့်အဖွဲ့က တာဝန်ရှိသူ အမျိုးသမီးတစ်ဦးကတော့ အခုလို ဖြေကြားခဲ့ပါတယ်။
“ဒီသတင်းနဲ့ပတ်သက်ပြီး ကျမတို့ဆီမှာတော့ မတက်လာသေးဘူး။ တကယ်လို့တက်လာရင် အကြောင်းပြန်လာမယ်နော်၊ ကျမတို့ဆီမှာ ဘာမှလည်း မသိရဘူး။ တက်လာတာလည်း မတွေ့သေးလို့လေနော်။ ဘာမှလည်း မသိရသေးဘူး” လို့ TNLA ပြောရဲဆိုခွင့်အဖွဲ့က တာဝန်ရှိအမျိုးသမီးတစ်ဦးက ပြောပါတယ်။
မိုင်းဝီးဒေသဟာ နမ့်ခမ်းမြို့ကနေ နမ္မတူမြို့ကိုသွားတဲ့လမ်းပိုင်း မိုင် ၄၀ ခန့်အကွာ၊ နမ့်ဖတ်ကာအရှေ့တောင်ပိုင်းမှာ တည်ရှိပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ အဲဒီ မိုင်းဝီးစစ်ကောင်စီတပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိ နမ့်ခမ်းမြို့နယ်တဝိုက်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လမ်းကြောင်းအများစု ဖြတ်တောက်ခံထားရတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်း မန်ဝိန်းကြီးဒေသဘက်ကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေ ဝင်ရောက်တပ်စွဲလာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ရေးတင်းမာခဲ့ပါတယ်။ အဲဒီနောက် KIO နဲ့ PSLF တို့ကြား ၂၀၂၃ ခုနှစ် မေလက မိုင်ဂျာယန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ‘ယခင် PSLO နဲ့ KIO တို့ကြားသဘောတူညီခဲ့ကြသည့် ထာဝရမဟာမိတ်စာချုပ်ကို ယခု KIO နဲ့ PSLF ကြား ဆက်လက်အသိအမှတ်ပြုထိန်းသိမ်းအကောင်ထည်ဖေါ်သွားရန်’ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း လားရှိုးမြို့အရှေ့ဘက် ဂမ်မိန်း လွယ်ဒေါင်( Gangming Loidau) ဘက်ကိုတက်လာတဲ့ KIO ဝန်ထမ်းနှစ်ဦးကို ကိုးကန့် MNDAA ဘက်က နမ်ဂျရပ် Asia World စစ်ဆေးရေးဂိတ်မှာ စစ်ဆေးပြီး ရိုက်နှက်ခဲ့တဲ့အပြင် သယ်ဆောင်လာတဲ့ ဓာတ်ဆီနဲ့ ငွေကြေး သိန်း ၄၀ အပြင် ဖုန်း ၂ လုံးကိုပါ သိမ်းယူလိုက်တယ်လို့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ KIO ဂမ်မိန်း လွယ်ဒေါင် ( Gangming Loidau) တိုက်နယ်အုပ်ချူပ်ရေးအဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
လက်ရှိ ရှမ်းမြောက်အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဖြစ်စဉ်တွေ စုံစမ်းရရှိမှုအပေါ်မူတည်ပြီး ရှေ့လျှောက်မဖြစ်ဖို့ ဖြေရှင်းရမှာဖြစ်ပါတယ်။ အခုချိန်က တော်လှန်ရေးဖော်ဆောင်နေတဲ့အချိန် ဖြစ်တယ်။ ရှမ်းမြောက်မှာ တော်လှန်ရေးတပ်ဖွဲ့များတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကိုယ့်မြေ၊ သူ့မြေဆိုပြီး ယန္တရားစတင်ဖို့ အရမ်းစောသေးတဲ့အချိန် ဖြစ်တယ်။” လို့ ပြောပါတယ်။
မတူညီတဲ့ တိုင်းရင်းသားလူမျိုးစုတွေ အတူယှဉ်တွဲနေထိုင်တဲ့ ရှမ်းမြောက်ဒေသမှာ တော်လှန်ရေးအဖွဲ့တွေလည်း အများပြားရှိနေပါတယ်။
နမ့်ဖတ်ကာဒေသခံ ကချင်တက်ကြွလှုပ်ရှားသူတစ်ဦးကတော့ “အထက်အရာရှိတွေအနေနဲ့လည်း ဒီလိုဖြစ်စဉ်တွေကို ပေါ့ပေါ့တန်တန်ထားပြီး ကြည့်ထားလို့မရပါဘူး။ အဲ့လိုပေါ့ပေါ့မထားပဲ နက်နက်နဲနဲ တွေးစေချင်တယ်။” လို့ပြောပါတယ်။
ဆက်လက်ပြီးသူက “ဒီနေ့ တော်လှန်ရေးအဖွဲ့တွေအချင်းချင်း ဒီလိုအရာတွေဖြစ်လာတော့ ကျနော်တို့ပြည်သူတွေကြားလဲ ဝေခွဲမရ တွေဝေတာတွေ ဖြစ်စေလာပါတယ်။ နယ်မြေလုတဲ့ တော်လှန်ရေးလား၊ ဘာကိစ္စကြောင့် ဒီလိုတွေဖြစ်လာလဲ ဆိုတာ အရမ်းတွေဝေစေပါတယ်။ ဒါကြောင့် အထက်ကလူကြီးတွေ ကျနော်တို့ ပြည်သူတွေ ယုံကြည်တဲ့တော်လှန်ရေးအတိုင်း ဖြစ်စေချင်ပါတယ်။” လို့ တက်ကြွလှုပ်ရှားသူ နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောဆိုခဲ့ပါတယ်။
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး တစ်လကျော်အတွင်း စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၂၀၀ ခန့်ကို ညီနောင်မဟာမိတ်အဖွဲ့တွေဘက်က သိမ်းပိုက်ရရှိထားပြီ ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ