သတင်း

တော်လှန်ရေးခုတုံးလုပ်ပြီး အွန်လိုင်းပေါ် ငွေလိမ်လည်တာတွေများလာ

မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် စစ်အာဏာရှင်ကို မလိုလားတဲ့ပြည်သူတွေဟာ စစ်တပ်ကို အပြီးတိုင်တိုက်ထုတ်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်ကနေ စတင်ခဲ့တဲ့ တော်လှန်ရေးခရီးမှာ နေရာဒေသ နယ်မြေအလိုက် ပြည်သူကာကွယ်ရေးတပ်တွေ အမြောက်အများရှိလာပြီး တော်လှန်ရေးအမြန်ဆုံး အောင်မြင်ဖို့ ပြည်သူတွေကိုယ်၌ကလည်း နည်းမျိုးစုံနဲ့ ကာကွယ်ရေးတပ်တွေကို ကူညီထောက်ပံ့နေကြတာလည်း ဖြစ်ပါတယ်။

ဒါကိုအခွင့်ကောင်းယူပြီး တော်လှန်ရေးခုတုံးလုပ်ကာ အွန်လိုင်းပေါ် ငွေလိမ်လည် တောင်းခံတာတွေများလာနေတယ်လို့ တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေက ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ အယုံမလွယ်မိစေဖို့ လူလိမ်တွေကိုဖော်ထုတ်ပေးနေတဲ့ ထောက်ပို့လူငယ်အဖွဲ့ဖြစ်လည်းဖြစ်သလို လက်ရှိ တော်လှန်ရေး လူလိမ်အကောင့်များစုစည်းဖော်ထုတ်မှုကို ဦးဆောင်နေတဲ့ ဘုံဘုံ ခုလိုကပြောပါတယ်။

အဓိက ပြောချင်တာက အယုံမလွယ်ဖို့ပေါ့နော် အခုကငွေတွေကို သီးသန့် လိမ်သွားတာ မဟုတ်ဘဲနဲ့ လုံခြုံရေးတွေပါ ထိခိုက်အောင် လုပ်နေတဲ့အတွက် ကိုယ့်လုံခြုံရေးကိုလည်း ထည့်တွက်ပြီး ကိုယ့်ချွေးနည်းစာ လေးတွေ ကိုလည်း တကယ်လိုအပ်နေတဲ့ ရဲဘော် တွေဆီပေးနိုင်အောင် အမြဲသတိထားပြီးတော့ ကျွန်မတို့ဆီလာမေးတာဖြစ်ဖြစ် တကယ် ယုံကြည်ရတဲ့ သူတွေကို သွားမေးတာ၊ မြေပြင်က အဖွဲ့အစည်းတွေကိုချိတ်ဆက်ပြီး မေးတာမျိုး လုပ်သင့်တယ်ပေါ့နော် လို့ပြောပါတယ်။

ငွေကြေးလိမ်တဲ့ထဲမှာ စစ်တပ်ဘက်ကသူတွေလည်း အများအပြားပါဝင်နေပြီး နည်းမျိုးစုံနဲ့ ငွေတောင်းခံတာတွေအပြင် ခြိမ်းခြောက်တာတွေလည်းလုပ်တာကြောင့် ပြည်သူတွေအနေနဲ့ အယုံမလွယ်ကြဖို့ လူလိမ်တွေကို ဖော်ထုတ်ပေးနေတဲ့ ဘုံဘုံက ဆက်ပြောပါတယ်။

လက်ရှိ ငွေကြေးလိမ်‌နေတဲ့သူတွေဟာ အလိမ်မိမှာ၊ စစ်မေးခံရာမှာ ကြောက်တာကြောင့် အလျင်စလိုလိုအပ်နေတဲ့ ပုံစံမျိုးတွေ၊ ဘယ်နေရာမှာ ဘယ်လောက်အရေးကြီးနေတဲ့ ပုံစံမျိုးတွေနဲ့ တစ်ဖက်လူ အမြန်လှူအောင်လုပ်တတ်ကြတယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် အရင်က တောခိုဖူး၊ သင်တန်းတက်ပြီး ပြန်သွားကြတဲ့ သူတွေထဲကလည်း တောထဲရှိနေသယောင် အလှူခံတဲ့ အဖွဲ့တွေရှိသလို ရဲဘော်၊ ထောက်ပို့ အမည်ခံ ပြီး ရိက္ခာကြေး ကူညီခိုင်းတာတွေ၊ ဆေးဝါးဖိုး အကြောင်းပြတာတွေ၊ ဘယ်တပ်ရင်းအတွက် အလှူခံပေးနေတာ ဖြစ်တယ်ဆိုတဲ့ ပုံစံနဲ့ လိုက်လိမ်နေတယ်လို့ ပြည်ပထောက်ပို့ မီးအိမ်က ကို အခုလိုပြောပါတယ်။

သူတို့က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဓာတ်ပုံတွေယူပြီးတော့ အကောင့်အသစ် တွေဖွင့်တယ်၊ သူတို့က တကယ်ကို မစ်ရှင်တွေ ဆွဲနေတဲ့ ပုံစံမျိုးတွေနဲ့ သူတို့ ငွေလိုအပ်တဲ့ ပုံစံမျိုးတွေနဲ့ လာပြီးတော့ အလှူခံကြတယ်၊ ဒဏ်ရာရတဲ့ ရဲဘော်တွေရဲ့ ပုံတွေယူသုံးပြီး ကုစရာဆေးဝါးမရှိဘူးလို့ပြောတယ်၊ ရိက္ခာတွေပျက်နေပြီလို့ပြောတယ် အဲ့လို ပုံစံတွေနဲ့ အများဆုံး လုပ်နေကြတာ လို့ပြောပါတယ်။

ဒါ့အပြင် ရဲဘော်တွေရဲ့ အကောင့်တုတွေလိုက်ဖွင့်၊ facebook friend တွေလိုက်လုပ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါ အလှူလိုက်ခံပြီးတော့ လိမ်တာမိရင် အကောင့်တွေကို ဘလော့လိုက်တယ်လို့ ဆက်ပြောပါတယ်။

ငွေကြေးခက်ခဲတဲ့ သာမန်ပြည်သူတစ်ယောက်အနေနဲ့ အလိမ်ခံလိုက်ရတဲ့ငွေကြောင့် ဝမ်းမနည်းပေမဲ့ အခုလိုချိန် တော်လှန်ရေးခုတုံးလုပ်ပြီး ကိုယ်ကျိုးမရှာစေချင်ဘူးလို့ ပြီးခဲ့တဲ့လမှာ အွန်လိုင်းကတစ်ဆင့် အလိမ်ခံရဖူးတဲ့ အမွန်းက ခုလိုပြောပါတယ်။

“fbမှာfriendဖြစ်ရာကနေပေါ့၊ PDFဆိုတော့လက်ခံလိုက်မိတာ၊ accထဲမှာလည်း အလှူခံထားတာတွေ့မိလို့ပါ၊ သူက ဘယ်အဖွဲ့ကပေါ့နော်၊ မိုးတွင်းဆိုတော့ အမျိုးသမီး ရဲဘော်တွေအတွက် လစဉ်သုံးဆိုပြီးတော့ပါ၊ အဲ့အချိန်က ငွေအတော်ရှာရခက်တယ်၊ ကျွန်မတို့လို သာမာန်လူတွေ အတွက် ငွေ၂သောင်းက ကျွန်မမောင်လေး နေ့စား၄ရက် လုပ်အားခပါ၊ ရွာကဆိုတော့ wave ဆိုင်က ဝေးတယ် ဆိုင်ကယ်နဲ့ သွားပြီးလွှဲခဲ့ရတာ၊ ကူညီချင်တာပဲသိတာ၊ ဘာမှသေချာမစဥ်းစားမိလိုက်ဘူး လို့ပြောပါတယ်။

လက်ရှိချိန်ထိ တော်လှန်ရေး တကယ်လုပ်ဆောင်နေတဲ့ ရဲဘော် အမည်ခံ အကောင့် ၊ page ပေါင်း ၂၀၀ ဝန်းကျင်လောက်ရှိနေပြီး အလှူငွေတောင်းခံတာတွေ မှာ အလိမ်ခံလိုက်ရတဲ့ အလှူငွေတွေဟာ ထောင်ဂဏန်းကစလို့ သိန်းပေါင်းထောင်ကျော်ထိရှိနေပြီလို့ သိရပါတယ်။

တစ်ပြည်လုံး အနှံ့လူလိမ်တွေအများအပြားရှိနေပြီး ကရင်နီဘက်က KNDF ရဲဘော်တွေရဲ့ အမည်ကို အသုံးချပြီး လိမ်လည်တာတွေအများဆုံးခံရနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ကတည်းက အခုလို လူလိမ်တွေရှိခဲ့လည်း နယ်မြေအခြေအနေနား မလည်သေးတာတွေကြောင့် မသိသာခဲ့တာပေမဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာတော့ ပိုပြီး သိလာလာခဲ့တယ်လို့ သိရပါတယ်။

By – BU BU

Show More

Related Articles

Back to top button