ဟုမ္မလင်းနယ်မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေပြီး ကြက်ဥတစ်လုံး တစ်ထောင်ကျပ်အထိပေးဝယ်နေရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေကို လေကြောင်းနဲ့ သယ်ယူနေရတာာကြောင့် ကုန်စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုံမှန်အားဖြင့်ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်နဲ့အခြားကုန်ပစ္စည်းတွေကို ပင်လည်ဘူး၊ကောလင်း ဘက်ကနေ ကုန်းကြောင်းနဲ့သယ်ယူကြသလို ချင်းတွင်းမြစ်ကြောင်းအတိုင်းရေကြောင်းနဲ့လည်း သယ်ယူကြတာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ ကောလင်းဘက်နဲ့ကနီနယ်တွေထဲမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကုန်းကြောင်းကော ရေကြောင်းသွားလာလို့မရတဲ့အတွက် အခြေခံစားသောက်ကုန်တွေကို လေကြောင်းနဲ့သယ်ယူနေရတာကြောင့် စျေးနှုန်းတွေအဆမတန်မြင့်တက်နေတာလို့ ဟုမ္မလင်းမြို့နေအသက်၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။
“ရေကြောင်းကော ကုန်းကြောင်းနဲ့ကောကုန်တွေမဝင်တာ အရင်လကတည်းကပဲ တစ်လနီးပါးလောက်ရှိလာတော့မယ် လမ်းကပိတ်တာလို့ကြီးတော့ တရားဝင်မပိတ်ဘူး ဒါပေမယ့်တိုက်ပွဲတွေဖြစ်နေတော့ ဘယ်စက်လှေသမား၊ ကားသမားမှမသွားရဲဘူးလေ အခုလေယာဥ်နဲ့တင်တော့ကီလိုခပေးရတာအရမ်းစျေးများတယ် ကြက်ဥတစ်လုံး တစ်ထောင်ရောင်းတယ် ခရမ်းချဥ်သီးတစ်ပိသာက ၁၅၀၀၀ တစ်ခါမှကြုံဖူးဘူး ဒီလောက်ထိတော့”လို့ ပြောပါတယ်။
ခုလိုအခြေခံစားသောက်ကုန်တွေကို လေယာဥ်နဲ့တင်သွင်းရတာကြောင့် ဟုမ္မလင်းမြို့ပေါ်မှာ ဆန်တစ်အိတ်ကျပ် ၁၈၀၀၀၀ ကနေ ကျပ် ၂သိန်းဝန်းကျင် ကြက်သွန်နီ/ဖြူတစ်ပိသာ ကျပ် ၁၈၀၀၀ ကနေကျပ် ကျပ် ၂၀၀၀၀ ၊ဝက်သားတစ်ပိသာ ကျပ် ၃၀၀၀၀ အထိ မြင့်တက်နေပြီးအခြားအခြေခံစားသောက်ကုန်တွေခြားအဆ မတန်မြင့်တက်နေပြီး လိုသလောက်မရနိုင်ဘူးလို့လည်းသိရပါတယ်။
“ကုန်စျေးနှုန်းကြီးတာက ကြီးတာပေါ့လိုသလောက်ဝယ်လို့ရလားဆိုတော့လည်းမရဘူး ကီလိုခစျေးကြီးတော့ ဆိုင်တိုင်းလိုလိုမတင်ကျဘူးလေ ဆိုင်ကြီးတွေလောက်ပဲတင်နိုင်ကြတာ အများကြီးလည်းဝယ်လို့မရဘူး ဟိုဆိုင်မှာကြက်ဥဝယ်လို့ရရင် ဒီဆိုင်မှာကြက်ဥမရဘူး အဲ့လို”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
အခုလိုသယ်ယူပို့ဆောင်ရေးခက်ခဲနေတာကြောင့် ဟုမ္မလင်းမြို့နယ်ထဲက မြို့နဲ့ဝေးနဲ့ချင်းတွင်းမြစ်ဖျားပိုင်းကရွာတွေနဲ့ ဥရုချောင်းတစ်ဖက်ကမ်းကကျေးရွာအချို့မှာတော့ အခြေခံစားသောက်ကုန်တွေလည်းပြတ် လပ်နေတယ်လို့သိရပါတယ်။
ဟုမ္မလင်းမြို့နယ်မှာပုံမှန်အားဖြင့် ကုန်ကြောင်း၊ရေကြောင်းနဲ့ကုန်တွေအဝင်ရှိရင်တော့ ဆန်တစ်အိတ် ကျပ် ၁၂၀၀၀၀ ကနေကျပ် ၁၅၀၀၀၀ ၊ကြက်ဥ ၁ လုံးတစ်ထောင်၊ ခရမ်းချဥ်သီးတစ်ပိသာ ကျပ် ၈၀၀၀ လောက်အထိသာစျေးရှိတယ်လို့ သိရပါတယ်။
အခုအလိုဟုမ္မလင်းမြို့နယ်ထဲ ရေကြောင်း၊ကုန်းကြောင်းနဲ့ ကုန်ပစ္စည်းတွေအဝင်ရပ်သွားတာဟာ နိုဝင်ဘာလ ၁၀ ရက်ကျော်ကတည်းကဖြစ်တယ်လို့ ဆိုပါတယ်။
ပင်လယ်ဘူး၊ကောလင်း၊ကနီနယ်တွေထဲမှာတိုက်ပွဲတွေကြောင့် ဟုမ္မလင်းမြို့နယ်ထဲရေကြောင်း၊ကုန်းကြောင်းနဲ့ ကုန်တွေအဝင်ရပ်တန့်သွားလို့ အခုလို မျိုးကုန်စျေးတက်တာမကြာခနကြုံတွေ့ရပေမယ့် ယခုတစ်ကြိမ်ဟာ လွန်ခဲ့တဲ့လတွေထဲ ကုန်စျေးနှုန်းအမြင့်တက်ဆုံးလို့သိရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ဟုမ္မလင်းနယ်မှာ KIA,PDF တပ်တွေအပြင် စစ်ကောင်စီနဲ့လက်အောက်ခံ ပြည်သူ့စစ်၊နောက်ထပ် ရှမ်းနီတပ် SNA တွေ အဓိက စစ်ရေးလှုပ်ရှားတဲ့နေရာလည်းဖြစ်ပါတယ်။
By – Zaw Zaw