သတင်း

မော်လူးမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်

ကချင်စစ်ကိုင်းနယ်စပ်၊ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်နေပြီလို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ကျောင်းသားတပ် (ABSDF) နှင့် အင်းတော် PDF တွေက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ မော်လူးမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ဒီဇင်ဘာ ၁၅ ရက်နေ့က စပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်လည်ပတ်နေပြီလို့ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

မော်လူးမြို့ကို ပြည်သူ့အုပ်ချုပ်ရေးစနစ်စတင်နေပါပြီ သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းဆွေးနွေးပြီးတော့မှ မော်လူးမြို့ပေါ် ၆ရပ်ကွက်စလုံးကို မြို့မိမြို့ဖ တစ်ရပ်ကွက်ကို တစ်ယောက်နှုန်းနဲ့ ၆ရပ်ကွက် ဆိုတော့ မြို့မိမြို့ဖ ၁၂ ယောက်နှုန်းနဲ့အုပ်ချုပ်ရေးစနစ် လည်ပတ်သွားဖို့ပါလို့ သူကပြောပါတယ်။

မော်လူးမြို့ကို ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်အုပ်ချုပ်ဖို့ရန်အတွက် KIA  ABSDF၊ အင်းတော်PDF၊ အင်းတော်မြို့နယ် ပကဖ၊ ပအဖစ တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးပြီးချမှတ်ခဲ့တဲ့ ဖွဲ့စည်းပုံအတိုင်း အုပ်ချုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဓိက ကတော့ ကျွန်တော်တို့ လည်ပတ်တဲ့အနေအထားကျတော့ အင်းတော်မြို့နယ် ပ.က.ဖ တာဝန်ခံ အဲ့ဒီကနေ အဓိကစီးဆင်းပြီးတော့မှ သူကနေကဆင့် မြို့ပြ (ပြည်သူ့လုံခြုံရေးအဖွဲ့ ) တာဝန်ခံ မြို့ပြတာဝန်ခံ ကနေမှတိုက်နယ်(ပအဖ) တာဝန်ခံပေါ့ အဲ့ဒီကနေမှတဆင့် မြို့မိမြို့မ တွေနဲ့အုပ်ချုပ်ရေးလည်ပတ်ဖို့ဖြစ်ပါတယ်လို့ အထက်မှာ ဖော်ပြခဲ့တဲ့ အင်းတော်မြို့နယ် ပအဖ တာဝန်ရှိတစ်ဦးက ပြောပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးစနစ် သက်ရောက်တဲ့ကာလအတွင်း စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်လာမှုကို ရင်ဆိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့တွေက တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မော်လူးမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်လည်ပတ်နေပြီဆိုပေမယ့် စစ်ကောင်စီတပ်က မြို့ကိုလေကြောင်း တိုက်ခိုက်လာနိုင်တဲ့အတွက် အရပ်သားတွေကတော့ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စသိမ်းတဲ့နေ့ကလို လေယာဉ်လာကျဲမှာကို ကြောက်ကြတော့ အများပိုင်းမပြန်သေးဘူး ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေဆို အကုန်ရွေ့ထားတယ်။ အခုလောလောဆယ်မြို့ထဲမှာတော့ ပြေးနိုင်လွှားနိုင်တဲ့လူငယ်ပိုင်းတွေလောက်ပဲ အိမ်စောင့်သဘောနဲ့နေကြတာရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မော်လူးမြို့ဟာ ကချင်စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်ထဲမှာ မြို့ပေါ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးစနစ် ပထမဆုံးစတင် လည်ပတ်နိုင်တဲ့မြို့ဖြစ်ပြီး အင်းတော်မြို့နယ်ထဲက ကျေးရွာတွေအားလုံးမှာတော့ အခုနှစ်လယ်ပိုင်းလောက်ကတည်းက ပြည်သူ့အုပ်ချုပ်ရေးစနစ် လည်ပတ်နေတာဖြစ်ပါတယ်။

လက်ရှိ ပြည်သူ့အုပ်ချုပ်ရေးစနစ်စတင်လည်ပတ်နေပြီဖြစ်တဲ့ မော်လူးမြို့ဟာ အိမ်ခြေ ၃၀၀၀ ဝန်းကျင်ရှိပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button