သတင်း

တလူး၊ တကားကျေးရွာဘက် ရေလမ်းကြောင်းပိတ်တာ တစ်လကျော်ကြာလို့ ဆန်စျေး စံချိန်တင် မြင့်တက်

တနိုင်းမြို့နယ် တလူးကျေးရွာ နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာဘက်ကို တစ်လကျော်ကြာ ရေလမ်းကြောင်း ပိတ်ထားတာကြောင့် လက်ရှိမှာတော့ ဆန်တစ်အိတ် ကျပ် ၄ သိန်း ကျော်အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေကြား တလူးနယ်မြေထဲမှာ တိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို လက်ရှိမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အဲဒီဒေသဘက်ကိုသွားနိုင်တဲ့ တစ်ခုတည်းသော ရေလမ်းကြောင်း ပိတ်ထားတာကြောင့် ဆန်နှင့်အခြားကုန်ပစ္စည်းတွေ စျေးအဆမတန်မြင့်တက်နေတာလို့ တလူးဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ဘာစက်လှေမှသွားလို့မရတာ ၁ လကျော် ၂လနီးနီးရှိတော့မယ်လေး တလူးဘက်ကနေက စစ်တပ်ကမတက်ခိုင်းဘူး။ ဒီဘက်တနိုင်းဘက်ကနေလည်း ဒီဘက် KIAဘက်က မဆင်းခိုင်းဘူး။ လမ်းမှာပိတ်ထားတယ်အဲ့တော့ ခရီးသည်လည်း သွားလို့မရဘူး။ ကုန်စက်လှေတွေလည်းသွားလို့မရဘူး အခုဆန်တစ်အိတ် ၄သိန်းတောင်ကျော်ပြီလို့ အမည်မဖော်လိုတဲ့ တလူးကျေးရွာနေ အမျိုးသားတစ်ဦးကပြောပါတယ်။

တနိုင်းချောင်းအောက်ဘက်မှာရှိတဲ့ တလူးကျေးရွာ နဲ့ တကားကျေးရွာဟာ ကချင် နဲ့ စစ်ကိုင်းအစပ်မှာ တစ်ဆက်တည်း တည်ရှိနေတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

အဲဒီ ရေလမ်းကြောင်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး တလူးကနေပိတ်ထားသလို တလူးနဲ့ ခလုံးရေဆိပ်ကြားမှာရှိတဲ့ KIA တပ်ဘက်ကလည်း လမ်းပိတ်ထားတာကြောင့် ကုန်စည်အဝင် ရပ်တန့်သွားတာ ၁ လကျော်ကြာလာပြီ ဖြစ်ပါတယ်။

ပေါဆန်မွှေးဆိုရင်တော့ ၄သိန်း ၂သောင်း အထိရှိတယ်မကြာသေးဘူး။ ဒီဇင်ဘာလထဲမှအဲ့လောက်တက်သွားတာ ဟိုလက ၃သိန်းကျော်ပဲ ပြီးတော့ငွေတိုးတို့ဘာတို့ကျတော့ ၃ သိန်း ၈သောင်း၊ ၃သိန်း ၉သောင်းလောက်ရှိထိရှိတယ် ဆားဆီပုံးဝါတစ်ပုံကို ၂သိန်းကျော်တယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသား က ဆက်ပြောပါတယ်။

ခရမ်းချဥ်သီးတစ်ပိသာကျပ် ၃၀၀၀၀ ဝန်းကျင်၊ ကြက်သွန်နီ/ဖြူတစ်ပိသာ ကျပ် ၂၈၀၀၀ကနေကျပ် ၂၉၀၀၀ အထိစျေးတက်နေပြီး အခြေခံစားသောက်ကုန်အများပိုင်းကပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တလူးဒေသဟာ ရွှေမှော်ဖြစ်ပြီး အခုလိုစစ်ရေးတင်းမှာလာတာကြောင့် ရွှေမှော်တွေကိုလည်း နိုဝင်ဘာလဆန်းပိုင်းကတည်းက အားလုံးရပ်နား ခိုင်းထားတာကြောင့် ရွှေတူးဖော်တဲ့လုပ်ငန်းပေါ်မှီခိုရပ်တည်နေတဲ့ လုပ်ငန်းရှင်တွေ၊ စျေးသည်တွေနဲ့ လက်လုပ်လက်စားပြည်သူတွေ ပိုမိုပြီးအခက်အခဲ ဖြစ်လာနေတယ်လို့သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် တလူးစစ်ကောင်စီတပ်တွေကြား နိုဝင်ဘာ ၅ ရက်နေ့လောက်ကတည်းကနေ နှစ်ဖက်စစ်ရေးတင်းမာခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့ တလူးကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တာကြောင့် အဲ့ဒီနောက်ပိုင်း ရေလမ်းကြောင်းပိတ်လိုက်တာလို့သိရပါတယ်။

တလူး စစ်ကောင်စီတပ်က အခုနှစ် ဇူလိုင်လတုန်းကလည်း တလူး၊ တကားဘက်သွားတဲ့ရေလမ်းကြောင်းကို ရက်ပေါင်း ၂၀ နီးပါးပိတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ အဘက်ဘက်က ခက်ခဲခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button