တိုက်ပွဲသတင်း

တာလောကြီးတစ်ဝိုက်ကို စစ်တပ်က ကင်းထောက်ကာ လေယာဉ်နဲ့ ပစ်ခတ်

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ် နဲ့ နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

တာလောကြီးရွာထိပ်မှာ အထိုင်ချနေတဲ့ ရှမ်းနီ ပြည်သူ့စစ်စခန်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ရေကြည်ဒေသခံ တစ်ဦးက KNG ကို ပြောပါတယ်။

“မနေ့က တနင်္ဂနွေ ညနေပိုင်း ၂ နာရီလောက်မှာ တာပဒေါင်းရွာကို လေယာဉ်နဲ့ လာပစ်သွားသေးတယ်။ တာပဒေါင်းက တာလောကြီးရဲ့ ဒီဘက်ကမ်းမှာရှိတာဆိုတော့ အဲ့ဒီမှာ တိုက်ပွဲမဖြစ်ရင်လည်း သူတို့က လေယာဉ်နဲ့ လာပျံဝဲပြီး ပစ်ခတ်တာပေါ့။” လို့ ရေကြည်ဒေသခံတစ်ဦးက ပြောပါတယ်။

တာလောကြီး ပြည်သူ့စစ်စခန်း သိမ်းပိုက်ခံရတဲ့မနက်မှာပဲ စစ်တပ်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့ပြီး KIA ဘက်ကနေလည်း မြေပြင်ကနေ ခုခံတိုက်ခိုက်တာ နာရီဝက်ခန့်ကြာခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားပြီး ဒီဇင်ဘာလ ၁၆ ရက် နဲ့ ၁၇ ရက်နေ့အထိ စစ်တပ်ကင်းထောက်လေယာဉ်တွေနဲ့ ရောက်ရှိခဲ့ပြီး နေရာတချို့မှာ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေမှာ KIA ဘက်က ၂ ဦးထက်မနည်း ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက တဆင့် သိရပါတယ်။

တာလောကြီးကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကို KIA နဲ့ PDF ဘက်က ဖမ်းဆီးထားပြီး နောက်ထပ်တိမ်းရှောင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကိုလည်း လက်နက်လာရောက် အပ်နှံကြဖို့ ပြောဆိုထားတယ်လို့လည်း သိရပါတယ်။

“ဒီနောက်ပိုင်း တာလောကြီးက ပြည်သူ့စစ်တွေက ပြည်သူ့စစ်မလုပ်ချင်လာတဲ့စိတ်များတယ်။ ဒါပေမဲ့ စစ်တပ်က ဒါကို ဖျက်သိမ်းပေးမှုတော့ မရှိတာကြောင့် သူတို့က အလှည့်ကျ ဒီဂိတ်ကို စောင့်ကြတာပေါ့။ အလှည့်မကျတဲ့သူကတော့ ကိုယ့်လယ် ကိုယ်ခြံမှာ အလုပ်ပြန်ဝင်ပြီး ကိုယ့်အလှည့်ရောက်ရင်တော့ ဂိတ်မှာပြန်လာစောင့် အေအဲ့လိုနဲ့ လုပ်နေကြတာဟုတ်တယ်။ အဲ့ဒါကြောင့် အင်အားလည်း သိပ်မရှိဘူး။ ဒီတိုင်းနေနေချိန် ဝင်သိမ်းခံရတာပေါ့။” လို့ တာလောကြီးဒေသခံက တစ်ဦးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

တာလောကြီးကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ကချင်တကျာ့ပြန် တိုက်ပွဲစတင်လာချိန် စစ်တပ်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာဟာ ဝိုင်းမော်ဘက်ခြမ်း ဧရာ၀တီမြစ်ကမ်းနံဘေးမှာတည်ရှိပြီး အိမ်ခြေစုစုပေါင်း ၁၅၀၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button