စစ်ပြေးဒုက္ခသည်များသတင်း

ပျက်စီးသွားတဲ့ တနိုင်းစစ်ရှောင်စခန်း နေအိမ်တွေ ပြုပြင်ဖို့ အကူညီလိုအပ်နေ

ကချင်ပြည်နယ် တနိုင်းမြို့၊ စိန်ဂျိုးဇက် စစ်ရှောင်စခန်းမှာ အိမ်တန်းလျားခေါင်မိုးလဲရန်အတွက် ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်ည၊ တနိုင်းမြို့မှာ မိုးသက်လေပြင်းကျရောက်ပြီး အချိန် ၁ နာရီခန့်ကြာ မိုးသီးအဆက်မပျက်ကျတဲ့အတွက် စစ်ရှောင်စခန်းထဲက အိမ်ခေါင်မိုးတွေ ပျက်စီးသွားတယ်လို့ စစ်ရှောင်တစ်ဦးက KNG ကို ပြောပါတယ်။

“အိမ်အကုန်နီးပါးဘဲ၊ အကုန်ပေါက်ကုန်တာ၊ ခေါင်မိုးတွေလည်း ကြာပြီဆိုတော့ ဆွေးတာလည်းပါမယ်၊ အဲ့ညမှာဆို အကုန် အိပ်ယာတွေ ဆန်တွေ စပါး နည်းနည်းရှိတာတွေအကုန် မိုးထိကုန်တာ၊ အမိုးတွေက စကာပေါက်လိုကို ဖြစ်ကုန်တာ” လို့ ပြောပါတယ်။

စစ်ရှောင်စခန်းမှာရှိတဲ့ အိမ်အကုန်နီးပါး ခေါင်မိုးပျက်စီးသွားတဲ့အတွက် လက်ရှိချိန်ထိ ကူညီထောက်ပံ့မှု မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ အလှူရှင်မရှိရင် အရမ်းခက်ခဲမှာဖြစ်တာကြောင့် ပျက်စီးသွားတဲ့ ခေါင်မိုးတွေ လဲလှယ်ဖို့အတွက် အဖွဲ့အစည်းအနေနဲ့ဖြစ်ဖြစ်၊ ပြည်သူတွေအနေနဲ့ ဖြစ်ဖြစ် ပါဝင်ကူညီစေလိုတယ်လို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်းမြင့်တက်နေတဲ့အပြင် ရာသီဥတုဖောက်ပြန်နေတာကြောင့် အဖက်ဖက်ကနေ ခက်ခဲမှု မျိုးစုံ ကြုံနေရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။

“အခုက ကုန်ဈေးနှုန်းကလည်း တက်နေတဲ့အတွက် စားဝတ်နေရေး ပြဿနာကို အနိုင်နိုင်ဖြေရှင်းနေရတာ အခုလိုတွေပြန်ဖြစ်လာတော့ နောက်တစ်ခုစိတ်ပူရပြန်ပြီ မိုးတွေရွာလာရင် ဘယ်လိုလုပ်ရမလဲ၊ မီးဖိုချောင်တွေဆိုရင်လည်း အကုန်ပေါက်နေတာဆိုတော့လေ” လို့ပြောပါတယ်။

ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ကြား စားဝတ်နေရေးကို အနိုင်နိုင်ဖြေရှင်းနေရတဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ဖို့ မလွယ်တာကြောင့် ကူညီပေးစေလိုတယ်လို့ သူကဆက်ပြောပါတယ်။

အခုလို ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေတာကြောင့် မိဘတွေအနေနဲ့ ကျောင်းပညာရေးထက် စားဝတ်နေရေးဘက်ကိုတောင် အနိုင်နိုင် အားစိုက်ထုတ်နေရတာဖြစ်တဲ့အတွက် ပညာရေးရပ်လိုက်ရတဲ့ ကျောင်းသား/သူ တော်တော်များများ ရှိတယ်လို့ လည်းသိရပါတယ်။

လက်ရှိ တနိုင်းစစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၃၀ ၊ လူဦးရေ ၆၀၀ ကျော်ရှိပြီး အဲ့ဒီစစ်ရှောင်ပြည်သူတွေဟာ ၂၀၁၈ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်လာတာကြောင့် အောင်လောဒ့်၊ နောင်ယန်း၊ ဆွတ်အောင် စတဲ့ ကျေးရွာက ထွက်ပြေးတိမ်း ရှောင်လာကြတဲ့ ပြည်သူတွေဖြစ်ပါတယ်။

By – BU BU

Show More

Related Articles

Back to top button