သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဟုမ္မလင်းမြို့ပေါ်မှာ စစ်ဘေးရှောင် ၂၀၀၀ ကျော်အထိရှိလာ

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ် နေတာကြောင့် ဟုမ္မလင်းမြို့ပေါ်မှာထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော်အထိရှိလာပြီလို့ မြို့ခံတွေဆီကနေသိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်းPDF မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် ဟုမ္မလင်းမြို့ပေါ်က စစ်ကောင်စီတပ်ဟာ ရွှေပြည်အေးမြို့ဘက်ကိုလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ရွှေပြည် အေးမြို့ခံတွေအပါအဝင် အနီးဝန်းကျင်ကျေးရွာက ဒေသခံပြည်သူတွေဟာ ဟုမ္မလင်းမြို့ကို ရှောင်လာနေကြတာဖြစ်တယ်လို့ နေပြီလို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

အခုစစ်ရှောင်လာကြတဲ့ရွာတွေက ချင်းတွင်းမြစ်ဘေးကရွာတွေပါ ရွှေပြည်အေးမြို့အထက်ဘက်ကရွာတွေ စစ်ရှောင်လာကြတာ အဲ့ဘက်ကိုဟုမ္မလင်းကနေ လက်နက်ကြီးတွေညတိုင်းလိုလိုပစ်နေတော့ ဒီဘက်ကိုတိမ်းရှောင်လာကြတာ တဖြေးဖြေးနဲ့များများလာတယ်အခု ၂၀၀၀ ကျော်လောက်တော့ရှိပြီလို့ ဟုမ္မလင်းမြို့နေအမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေပြည်အေးမြို့ဘက်ကို နိုဝင်ဘာလ ၂၀ရက် ကျော်ကတည်းကနေစပြီး မနေ့ကထိ ညဘက်နဲ့ နေ့ခင်းဘက်တွေမှာ ပုံမှန်လက်နက်ကြီးတွေပစ်််ခတ်နေတာဖြစ်ပါတယ်။

အခုလိုလက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် လက်ရှိရွှေပြည်အေးမြို့အထက်ဘက်က နောင်ဆန်းကျင်ရွာ၊မယ်ဇလီရွာ၊ တီလောင်ရွာနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေအပါရွှေပြည်အေးမြို့ခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြရတာလို့ သိရပါတယ်။

အခုဒီမှာရောက်ခဲ့တာက နောင်ဆန်းကျင်ကျေးရွာအုပ်စုထဲက လူတွေများတယ် ရွှေပြည်အေးမြို့ကလည်းပါတယ် တချို့ကတော့ရွှေပြည်အေးမြို့အထက်ဘက်က တောင်ပေါ်ရွာတွေမှာသွားရှောင်ကြတယ် အဲ့ဘက်မသွားနိုင်တဲ့လူတွေကမြို့ဘက်ကိုလာကြတာပေါ့လို့ နောက်ထပ်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

လက်ရှိ ဟုမ္မလင်းမြို့ပေါ်မှာရောက်လာတဲ့ စစ်ဘေးရှာင်ပြည်သူတွေကို မြသိန်းတန်ဘုန်းကြီးကျောင်း၊ နောင်ပုရစ်ဘုန်းတော်ကြီးကျောင်း (တောင်ပေါ်ကျောင်း)နှင့်တခြား ဘုန်းတော်ကြီးကျောင်းတွေမှာနေရာချထားပေးတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်က အခုလို ရွှေပြည်အေးမြို့ဘက်ကိုလက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်မှုမရှိပေမယ့် ရပ်ကွက်တစ်ချို့တွေထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် လူနေအိမ်ထိခိုက်ပျက်စီးတာ၊ မီးလောင်တာတွေရှိနေပြီး မနေ့ကလည်းနောင်ဆန်းကျင်ကျေးရွာထဲက လူနေအိမ် တစ်လုံးမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။

ရွှေပြည်အေးမြို့ကို ဟုမ္မလင်းPDF မဟာမိတ်တပ်ပေါင်းစုတွေက နိုဝင်ဘာ ၂၂ရက်နေ့မနက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ထိမြို့ကို ဟုမ္မလင်း PDF တွေကထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button