သတင်း

မူဆယ်မှာ မီးနဲ့ရေပြတ်တောက်တာ ၁ နီးပါးရှိလာ

ရှမ်းမြောက် မူဆယ်မှာ မီးနဲ့ရေ ပြတ်နေတာ ၁ လခန့်ရှိလာပြီဖြစ်တာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

နမ့်ခမ်းနဲ့ ၁၀၅ မိုင်တိုက်ပွဲစတင်ဖြစ်ပွားလာတဲ့အချိန်လောက်ကစပြီး မူဆယ်တစ်မြို့လုံး မီးနဲ့ ရေ ပြတ်တောက်သွားတာဖြစ်ပြီး လက်ရှိချိန်ထိ မီးလည်းမရ ရေလည်းမရ ဖြစ်နေတာကြောင့် တော်တော်အခက်အခဲကြုံနေတယ်လို့ မူဆယ်ဒေသခံပြည်သူတွေ ပြောပါတယ်။

တစ်လလောက်ရှိလာပြီ မီးလည်း ပြတ်လပ်၊ ရေလည်းပြတ်။ မီးလည်းမရ ရေလည်းမရတော့ ဘယ်လိုခက်လို့ ခက်မှန်းတောင်မပြောတတ်တော့ဘူး။ အဝီစိ‌ရေတွင်းရှိတဲ့အိမ်တွေက ကိုယ့်ပိုင်ရေစုပ်စက်တွေဝယ်ထားပြီး သုံးတယ်။ မရှိတဲ့သူတွေက သူများရေပေးလှူတဲ့ချိန် ယူသုံးတယ်။ ရေကားတွေဆီကနေ ဝယ်သုံးနေရတာတွေလည်းများတယ်။ မီးမရတော့ ဖုန်းအားလည်းမရှိဘူး။ အင်တာနက်လိုင်းတွေလည်း မကြည့်နိုင်တော့ဘူး။လို့ မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ငွေကြေးတတ်နိုင်တဲ့မိသားစုတွေက မီးစက်နဲ့ ရေစုပ်စက်တွေဝယ်ပြီး အသုံးပြုနေသလို ငွေကြေးမတတ်နိုင်တဲ့မိသားစုတွေကတော့ မြို့တွင်းတချို့ ရေပေးလှူတဲ့နေရာတွေဆီကနေ ဖြစ်သလို ရယူသုံးစွဲနေကြရကြောင်း သူမက ဆက်ပြောပါတယ်။

နိုဝင်ဘာလ ကုန်းပိုင်းကစပြီး မူဆယ်မြို့မှာ မီးအရင်ပြတ်တောက်သွားပြီး တစ်ပတ်ခန့်အကြာမှာတော့ တစ်မြို့လုံးသုံးနေတဲ့ ရေလည်း ပြတ်တောက်သွားတာ လက်ရှိချိန်ထိဖြစ်ကြောင်းသိရပါတယ်။

ရေလည်း မူဆယ်မှာက အထက်ကနေ ပိုက်လုံးကြီးနဲ့သွယ်ယူတာဟုတ်တယ်။ ၁၀၅ မိုက်ဘက် အဲ့ဒီပိုက်လုံးမှာ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲလို့ ပိုက်ပျက်စီးသွားတယ်လို့ပြောတယ်။ အဲ့ဒါကြောင့် အခုမူဆယ်တစ်မြို့လုံး ရေမရဘူး။ ဟု သူကဆက်ပြောပါတယ်။

မီးပျက်ရခြင်းအကြောင်းရင်းကတော့ မူဆယ်တစ်မြို့လုံးဟာ နမ့်ခမ်းရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်မီးရယူ အသုံးပြုနေတာဖြစ်ပြီး လက်ရှိ နမ့်ခမ်းဘက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူလိုက်သလို တိုက်ပွဲပြင်းထန်နေချိန်ကစပြီး မီးပြတ်တောက်သွားကြောင်း ဒေသခံတွေပြောပါတယ်။

ကျနော်မူဆယ်က လျှပ်စစ်မီးနဲ့ပဲ အဝီစိရေစုပ်ယူပြီးအသုံးပြုကြတာများတာဆိုတော့ တော်တော်ဒုက္ခရောက်နေကြတယ်။ အခုက ရေအသုံးပြုနိုင်ဖို့ ရေစုပ်စက် ၊ မီးစက် ဝယ်ယူကြရတာပေါ့။ အဲ့ဒီလို စက်တွေဝယ်ဖို့လည်း စျေးနှုန်းကအခု တော်တော်စျေးကြီးတယ်လေဟု မူဆယ်ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

လက်ရှိ မူဆယ်မြို့မှာ ရေစုပ်စက်တစ်လုံးဆင်ဖို့ သိန်း ၂၀ ခန့် ကုန်ကျကြောင်းသိရပါတယ်။

မူဆယ်မြို့ဒေသခံတွေဟာ မီးနဲ့ ရေပြတ်လပ်ပြီး ဒုက္ခရောက်နေတဲ့အပြင် မူဆယ်တစ်ဝိုက် တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တရုတ်ဘက် စစ်ရှောင်သွားသူတစ်ချို့လည်း ရှိနေသလို မြို့တွင်း စိုးရိမ်လျက် အမြောက်အများ ဆက်လက်ရှိနေကြရကြောင်း ပြောဆိုနေကြပါတယ်။

 By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button