သတင်း

ကောလင်းမှာ လက်နက်ကြီးပစ်ခတ်ခံရလို့ ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက်သေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ဝန်းသိုမြို့နယ်က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ဆီကနေသိရပါတယ်။

စစ်ကောင်စီတပ်ဟာ  ဝန်းသိုတပ်ကနေ ဟောင်ဝစ်ဇာလက်နက်ကြီး အမျိုးအစားအသုံးပြုပြီး ကောလင်းမြို့ပေါ်ရပ်ကွက်တွေကိုရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်ခံရတာကတော့ ကောလင်းမြို့ပေါ်ရပ်ကွက်တွေနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းပါဗျလို့ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

လက်နက်ကြီးကြောင့် အရပ်သား ၄ ယောက်နဲ့ ဘုန်းကြီးတစ်ပါး ထိမှန်ဒဏ်ရာရခဲ့ပြီး အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ယောက်၊ ၂ နှစ်အရွယ်ကလေးငယ်တစ်ယောက်နဲ့ အသက် ၆၆ နှစ်အရွယ် ဦးကျော်ဝင်းဆိုသူ တို့သေဆုံးခဲ့ရတာလို့ သိရပါတယ်။

ဘုန်းကြီးတစ်ပါးနဲ့ သေဆုံးသွားတဲ့ကလေးငယ်နှစ်ယောက်ရဲ့ မိခင်ဖြစ်သူတို့ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြ တယ်လို့ ဆိုပါတယ်။

ကောလင်းမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစလို့ KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က မြို့ကို ထိန်းချုပ် ကာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကောလင်းမြို့ကို ပြန်ရဖို့အတွက် ဝန်းသိုမြို့နယ်ဘက်ကို အင်အားတွေ ဖြည့်တင်းတာတွေရှိသလို လက်နက်ကြီးတွေအသုံးပြုပြီး ဝန်းသိုမြို့နယ်စစ်တပ်ကနေ ပစ်ခတ်တိုက်ခိုက် မှုတွေမကြာခဏပြုလုပ်လေ့ရှိနေပါတယ်။

 By – အမိုး

Show More

Related Articles

Back to top button