သတင်း

KIA ပစ်ချလိုက်တဲ့ စစ်ရဟတ်ယာဉ်ထဲပါလာသူ ၆ ယောက်လုံးသေဆုံးသွားပြီး အရှင်ဖမ်းမိတာမရှိဘူးဗိုလ်မှူးကြီးနော်ဘူပြော

KIO ဌာနချူပ်အနီး KIA ပစ်ချလိုက်တဲ့ စစ်ကောင်စီရဟတ်ယာဉ်ထဲပါလာသူ ၆ ယောက်လုံးသေဆုံးသွားပြီး အရှင်ဖမ်းမိတာမရှိဘူးလို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အတည်ပြုပြောပါတယ်။

ဇန်နဝါရီလ ၃ ရက် မနေ့ ၁၁ နာရီခန့်က မြစ်ကြီးနားလိုင်ဇာလမ်း လိုင်စင်တောင်( Laisin Bum) အနီး ကကမ်(Kagam) နဲ့ နာ့ဖော့(Nahpaw) စစ်ကောင်စီတပ်စခန်းဆီသို့ ရိက္ခာလာရောက်ပို့ဆောင်ခဲ့ပြီး ပျံတက်လာတဲ့ စစ်ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ ပစ်ချလိုက်နိုင်တာဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

မနေ့က KIA  ဘက်က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်က အကုန်မီးလောင်သွားပြီ။ လေယာဉ်ထဲမှာ ပါလာသူစုစုပေါင်း ၆ ယောက်ရှိပုံရတယ်။ အဲ့ဒီ ၆ ယောက်လုံး သေသွားပြီ။ အရှင်ဖမ်းမိထားတာလည်းမရှိဘူး။လို့ ပြောပါတယ်။

KIA ပစ်ချပေးလိုက်တဲ့ ရဟတ်ယာဉ်အမျိုးအစားမှာ M 17 အမျိုးအစားဖြစ်ပြီး နာ့ဖော့ဘွမ်တပ်စခန်းကနေ စစ်ရိက္ခာတွေ ပို့ဆောင်ထားပြီး ပြန်လည် ပျံတက်လာချိန် ပစ်ချခံလိုက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

အဲ့ဒီစစ်ကောင်စီရဟတ်ယာဉ်မှာ နမ်ဆန်ယန်အနီး ဖယဲယာန်(Hpanye Yang) နဲ့ ခလား(Hkala) အနီး ခေါင်လန်ဘွမ်(Hkaulan Bum) ကြားမှာ လာရောက်ပျက်ကျ မီးလောင်သွားပြီဖြစ်တယ်လို့လည်းဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

သူတို့က အရင်ကဆို စစ်ရိက္ခာနဲ့ စားနပ်ရိက္ခာတွေကို ကန်ဒေါင်ယန်လမ်းဘက်ကနေ ပို့ဆောင်နေကြဟုတ်တယ်။ ဆိုတော့ အခုက ကန်ဒေါင်ယန်ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ပြီးခဲ့တဲ့လကပဲ သိမ်းပိုက်လိုက်တယ်။ ဒါကြောင့် သူတို့အတွက် မြေပြင်ကနေ ရိက္ခာတွေ ပို့ဆောင်နိုင်ဖို့ တော်တော်ခက်သွားပြီ။ ဆိုတော့ လေယာဉ်နဲ့ပဲ ပို့ဆောင်ပေးရတဲ့အခြေအနေရောက်နေတယ်။ အခုတစ်ခေါက်ကလည်း မြစ်ကြီးနားကနေ နာ့ဖော့ဘွမ်တပ်စခန်းဆီ အစားအသောက်နဲ့ အခြားစစ်ပစ္စည်းတွေ လာချပေးတာလို့ ပြောလို့ရတယ်။လို့ ဆိုပါတယ်။

စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရပြီးနောက် ဇန်နဝါရီ ၃ ရက် မနေ့ညနေပိုင်း ၆ နာရီခန့်တွင် လိုင်ဇာအနီး ပါဂျောင်ဘွမ်နဲ့ လိုင်စင်ဘွမ်တစ်ကြော စစ်တပ်ဘက်က ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာတွေရှိကြောင်း ဗိုလ်မှူးကြီးက ဆိုပါတယ်။

စစ်တပ်ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် လိုင်ဇာမြို့တွင်း စာသင်ကျောင်းများလည်း ပိတ်လိုက်ရပြီး ဒီနေ့ထိ သတိနဲ့ပဲနေနေကြရတဲ့အခြေအနေဖြစ်ကြောင်း ဆက်လက်သိရပါတယ်။

KIO ဌာနချူပ်အနီး မြစ်ကြီးနားဗန်မော်ကားလမ်းပိုင်းတွင် အဓိကအရေးပါတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုဖြစ်တဲ့ လွယ်လွမ်အောင်ဂျာတပ်စခန်းနဲ့ ကန်ဒေါင်ယန်တပ်စခန်းကြီးကို ပြီးတဲ့ခဲ့ အောက်တိုဘာလမှာ ကချင်လွတ်လပ်ရေးတပ်မတော်  KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ဘက်က KIO ဌာနချူပ်အနီး စစ်တပ်စခန်းတွေဆီ စစ်ရိက္ခာတွေ ပို့ဆောင်နိုင်ဖို့ ခက်ခဲသွားခြင်းဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်ဘက်က လေယာဉ်ကိုသာ အားကိုးပြီး စစ်ဆင်ရေးပြုလုပ်နေသလို ရိက္ခာတွေ ပို့ဆောင်နေရတာဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button